15
Fri, Dec
618 New Articles

မူဆယ်တွင် လေယာဉ်ကွင်း ဆောက်ရန် နေရာ ပဏာမရွေးချယ်ခဲ့

ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ပြည်သူ့ လွှတ်တော်တွင် ဖြေကြားစဉ် (ဆင်ဟွာ) Local

နေပြည်တော်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင် မူဆယ်မြို့ တွင် လေယာဉ်ကွင်းသစ် ဖောက်လုပ်ရန် ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်ဟု ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်မျိုးက ယနေ့  ပြည်သူ့  လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“မူဆယ် လေယာဉ်ကွင်းသစ်ကို အစိုးရ - ပုဂ္ဂလိက - ပူးပေါင်းဆောင်ရွက်သည့်စနစ် (PPP)နဲ့  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၁၇ ဇွန်လ (၁)ရက်နေ့  ပြည်ထောင်စု အစိုးရအဖွဲ့  စီးပွားရေး ကော်မတီ အစည်း အဝေး အမှတ်စဉ် (၉/၂၀၁၇)က မူအားဖြင့် ခွင့်ပြုချက် ရရှိထားပြီးပပြီ၊ PPP စနစ်ဖြင့် တင်ဒါခေါ်ယူရန် ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မူဆယ်နှင့် မြ၀တီတို့ တွင် လေယာဉ်ကွင်း ဖောက်လုပ်ရေး ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး မေးမြန်းနေစဉ် (ဆင်ဟွာ)

လှိုင်မဲဆန္ဒနယ် ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၏ နယ်စပ် ကုန်သွယ် ရေး မြို့ များတွင် အဓိကကျသော မူဆယ်နှင့် မြ၀တီမြို့ များတွင် လေယာဉ်ကွင်း ဆောက်လုပ်ရန် အစီအစဉ် ရှိ မရှိ ဟူသည့် မေးခွန်းနှင့် ပတ်သက်ပြီး ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက တည်ဆောက်ခဲ့သည့် မူဆယ်လေယာဉ်ကွင်း အဟောင်း၏ မူလ လေယာဉ်ပြေးလမ်းမှာ ယခုအခါ မူဆယ် အဝေးပြေးယာဉ် ရပ်နားစခန်းနှင့် ရွှေလီမြစ်ကမ်းဘေး တစ်လျှောက် ဆောင်ရွက်နေသည့် Muse Central Business District သို့  ဆက်သွယ်သည့် လမ်းမကြီး အဖြစ် အဆင့် မြှင့်တင် အသုံးပြုထားကြောင်း ပညာရှင်များ ပါဝင်သည့် အဖွဲ့ ပေါင်းစုံက ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် တစ်ကြိမ်၊ ၂၀၁၀ ဇန်န၀ါရီလတွင် တစ်ကြိမ်၊ ၂၀၁၀ ဒီဇင်ဘာ တွင် တစ်ကြိမ်၊ ၂၀၁၃ ဇန်န၀ါရီတွင် တစ်ကြိမ်၊ ၂၀၁၅ ဇွန်လတွင် တစ်ကြိမ် အသေးစိတ် ကွင်းဆင်း တိုင်းတာ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ လျာထားမြေနေရာ လေးခုကို ပဏာမ ရွေးချယ်ခဲ့ပြီး လေယာဉ်ကွင်း ဖောက်လုပ်ရန် သင့်လျော်သည့် မူဆယ်မြို့ မှ ရှစ်မိုင်အကွာ လားရှိုး - မူဆယ် လမ်းမကြီး အနောက်ဘက်ခြမ်း၊ ကောင်းဝှက်ရွာ အနောက်မြောက်ဘက် ကုန်းကြော နေရာအား လျာထားပါကြောင်းလည်း ဒုတိယ ၀န်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။ မြ၀တီမြို့တွင်မူ လေယာဉ်ကွင်း ဖောက်လုပ်ရန် စီစဉ် လျာထားမှု မရှိသေးကြောင်း သိရသည်။ (Xinhua)