18
Tue, Dec
647 New Articles

ကျောက်မျက်အတွဲပေါင်း ၅၀ ကို ငွေကျပ် ၇၉၄ ဒသမ ၈၉ သန်းဖိုး ရောင်းချနိုင်

မြန်မာ့ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ ရောင်းချပွဲကျင်းပစဉ်(ဆင်ဟွာ) Local

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

 

မြန်မာ့ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ၌ နိုဝင်ဘာ ၁၄ ရက်တွင် ကျောက်မျက်အတွဲပေါင်း ၉၆ တွဲကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချရာ ကျောက်မျက်အတွဲပေါင်း ၅၀ ကို ငွေကျပ် ၇၉၄ ဒသမ ၈၉ သန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယခုရောင်းချပွဲ၌ ကျောက်စိမ်းအသားကျောက်များကို အဓိကရောင်းချသည့်အတွက် ကျောက်စိမ်းအတွဲအမှတ် (၁)မှ အတွဲအမှတ် (၁၁၅၀)အထိ အတွဲစုစုပေါင်း ၁၁၅၀ တွဲကို နိုဝင်ဘာ ၁၅ ရက်တွင် လည်းကောင်း၊ အတွဲအမှတ် (၁၁၅၁)မှ အတွဲအမှတ် (၂၃၀၀)အထိ အတွဲစုစုပေါင်း ၁၁၅၀ တွဲကို နိုဝင်ဘာ ၁၆ ရက်တွင် လည်းကောင်း၊ အတွဲအမှတ် (၂၃၀၁)မှ အတွဲအမှတ် (၃၃၃၉)အထိ အတွဲစုစုပေါင်း ၁၀၃၉ တွဲကို နိုဝင်ဘာ ၁၇ ရက်တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ ရောင်းချပွဲကျင်းပစဉ်(ဆင်ဟွာ)

ပြည်တွင်း ကျောက်စိမ်းကျောက်မျက် ကုန်သည်များ ကုန်ကြမ်း ရစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်းနှင့် ခန်းမပြင်ပ သတ်မှတ်နေရာများ၌ ခင်းကျင်း ပြသထားသည့် ကျောက်စိမ်း အသားကျောက်များကို မိမိတို့ စိတ်ကြိုက် လွတ်လပ်စွာ လှည့်လည်ကြည့်ရှု ရွေးချယ်၍ သက်ဆိုင်ရာ တင်ဒါပုံးများ အတွင်းသို့ အပြိုင်အဆိုင် ထည့်သွင်း ၀ယ်ယူကြကြောင်း သိရသည်။(Xinhua)