၂၀၁၉-၂၀၂၀ ခု၊ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပြည်သူ့အခြေပြု ဘတ်ဂျက် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပြည်သူ့အခြေပြု ဘတ်ဂျက်ညှိနှိုင်းရေးဆွဲပွဲကျင်းပစဉ် (ဓာတ်ပုံ--YRG) Local

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ခု၊ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ပြည်သူ့အခြေပြု ဘတ်ဂျက် (Participatory Budget) ညှိနှိုင်းရေးဆွဲပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီလ ၁၅ ရက်နေ့ က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ညှိနှိုင်းရေးဆွဲပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင် “ အစဉ်အဆက် ရေးဆွဲခဲ့တဲ့ ဌာနဆိုင်ရာတွေကပဲ ရေးဆွဲလာ၊ အပေါ်ကနေ အောက်ကိုချပေးတဲ့ ရေးဆွဲမှုမျိုး မဟုတ်ဘဲနဲ့ အောက်ခြေကနေပြီးတော့ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဝိုင်းဝန်းဆွေးနွေးကြပြီး၊ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ပြည်သူကို ကိုယ်စားပြုပြီး အားလုံးပါဝင် ရေးဆွဲနိုင်တဲ့ ဘတ်ဂျက်စနစ် တစ်ခုဖြစ်ဖို့အတွက် ပြင်ဆင် ဆောင်ရွက်လာတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လမ်းတွေတည်ဆောက်ရေး၊ ကျေးလက်မီးလင်းရေး၊ သောက်သုံးရေများ လုံလောက်စွာရရှိရေးတို့ကို ပထမ ဦးစားပေးအနေနဲ့ စဉ်းစားဆောင်ရွက် စေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၁၈ခုနှစ်တုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်၊ တိုင်း ဌာနဆိုင်ရာများ ပူးပေါင်း ရေးဆွဲဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့ကြောင်း၊ ဒါကြောင့်မို့ ဘဏ္ဍာငွေ သုံးစွဲမှုတွေနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း အတွင်းမှာ ပြည်သူလူထုကို အခြေပြုသည့် ညှိနှိုင်း ဆွေးနွေးပွဲများကနေ လာမည့်နှစ်တွေမှာ လမ်း၊ လျှပ်စစ်မီး၊ ရေရရှိရေးတို့ကို သုံးစွဲ သွားနိုင်ဖို့ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ထို့ကြောင့် ပြည်သူ့ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ ၊ ဌာနဆိုင်ရာများနှင့် အစိုးရအဖဲ့ွတို့ ပူးပေါင်းပြီးရေးဆွဲ ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မည့် ဘတ်ဂျက်စနစ်တစ်ခုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဘတ်ဂျက်များကို ကြိုပြီးတွက်ချက် ပြင်ဆင်ထားပါက မြေပြင်အခြေအနေနှင့် အနီးစပ်ဆုံး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ထိုညှိနှိုင်းဆွေးနွေးပွဲကို တောင်ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များက ညှိနှိုင်း ရေးဆွဲခြင်းဖြစ်ပြီး၊ မနက်ဖြန် ဇန်နဝါရီ ၁၆ ရက်တွင် အရှေ့ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များက ညှိနှိုင်းရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့် ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ ၊ သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ စီမံကိန်းရေး ဆွဲရေးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)