10
Mon, Dec
666 New Articles

၂၀၁၇ ခုနှစ် ထူးခြား နိုင်ငံတကာသတင်း ဖြစ်ရပ်များ ကောက်နုတ်ချက်

၂၀၁၇ ခုနှစ် ထူးခြားနိုင်ငံတကာသတင်း ဖြစ်ရပ်များ နှင့် ပတ်သက်၍ သရုပ်ပြပုံ(ဆင်ဟွာ) World

ရန်ကုန် ၊ ဒီဇင်ဘာ ၃၁ (ဆင်ဟွာ)

(၁) တရုတ် နိုင်ငံ သမ္မတ ၏ "လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး " အတွေးအမြင် ကုလသမဂ္ဂ ပြဌာန်း ကြေညာချက် တွင် ရေးသွင်း ခံရ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ "လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး " အတွေးအမြင် အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၅၅) ကြိမ်မြောက် ကုလသမဂ္ဂ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ အစည်းအဝေး တွင် ကန့်ကွက်မဲ မရှိဖြင့် ကုလသမဂ္ဂ ပြဌာန်း ကြေညာချက် တွင် ရေးသွင်း ခံခဲ့ရသည်။

ကြေညာချက် ထုတ်ပြန် ခဲ့သည့် နေ့တွင် ကုလသမဂ္ဂ က နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် တရုတ် နိုင်ငံ သမ္မတ ၏ "လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး " အတွေးအမြင်ဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှု ဖြင့် အတူတကွ အောင်မြင်မှု ရရှိရန် တိုက်တွန်းကြောင်း ကြေညာခဲ့သည်။

ထို့ပြင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ "လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး " အတွေးအမြင် အား နိုဝင်ဘာ ၁ ရက်နေ့၌ ကုလသမဂ္ဂ ပြဌာန်း ကြေညာချက် တွင် ထပ်မံ ရေးသွင်း ခံခဲ့ရပြီး ၄င်း အတွေးအမြင် အား ပထမ ဦးဆုံး အကြိမ် ကုလသမဂ္ဂ လုံခြုံရေး ဆိုင်ရာ ပြဌာန်း ကြေညာ ချက်တွင် ထည့်သွင်း ခဲ့ခြင်း ဖြစ်သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့၌ ဂျနီဗာ မြို့ရှိ Palace of Nations တွင် အဆင့်မြင့် အစည်းအဝေး တက်ရောက်စဉ် "အတူတကွ လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး " ဟူသည့် ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခု ကဲ့သို့ ကုလသမဂ္ဂ ပြဌာန်း ကြေညာချက် တွင် ထည့်သွင်း ခံရခြင်းမှာ ယင်းအတွေးအမြင် အား နိုင်ငံအများအပြား ၏ လက်ခံခြင်း ခံခဲ့ရကြောင်း မှတ်ယူ နိုင်သည်။

(၂)ဒေါ်နယ်ထရမ့် ၏ " အမေရိကန်ပထမ" မူဝါဒ က ၄င်းအား နိုင်ငံတကာ အဖွဲ့အစည်း များမှ နုတ်ထွက်ရန် တွန်းအား ဖြစ်စေခဲ့

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ "အမေရိကန်ပထမ" (America First) မူဝါဒသည် အမေရိကန် နိုင်ငံနှင့် နိုင်ငံတကာ ဆက်ဆံရေး ကို များစွာ ပြောင်းလဲစေခဲ့ပြီး အနောက်နိုင်ငံ အုပ်စုများအကြား အက်ကွဲကြောင်း ကို ပိုမို နက်ရှိုင်းစေခဲ့သည်။

"ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ" ၏ တွန်းအား အောက်တွင် ဒေါ်နယ်ထရမ့် အစိုးရ သည် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု "ပဲရစ် သဘောတူညီမှု" မှ အစပြု၍ ကုလသမဂ္ဂ "ယူနက်စကို" နှင့် "ကမ္ဘာလုံးဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး သဘောတူညီချက်" အထိ နိုင်ငံတကာ အဖွဲ့အစည်း များမှ တစ်ဆင့်ပြီး တစ်ဆင့် ထွက်ခွာသွားစေခဲ့သည်။

ဒေါ်နယ်ထရမ့် အစိုးရသည် သြဂုတ်လ ၄ ရက်တွင် ကုလသမဂ္ဂ ထံသို့ "ပဲရစ် သဘောတူညီမှု" မှ နုတ်ထွက်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ရာ နိုင်ငံတကာ အသိုင်းအဝိုင်း၌ ပြင်းထန်သော မကျေနပ်မှုများ ဖြစ်စေခဲ့သည်။ နိုင်ငံအများအပြားမှ အစိုးရ အရာရှိများ ၊ ပညာရှင်များ ၊ မီဒီယာ များ၏ ဝေဖန်မှု ကိုခံခဲ့ရပြီး မှားယွင်း သော ဆုံဖြတ်ချက် တစ်ခုဖြစ်ကြောင်း သတ်မှတ် ခံခဲ့ရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန က အမေရိကန် နိုင်ငံသည် ယူနက်စကို မှ နှုတ်ထွက်ကြောင်း အောက်တိုဘာ ၁၂ ရက်နေ့ တွင် ကြေညာ ခဲ့ပြန်သည်။ နုတ်ထွက်ရသည့် အဓိက အကြောင်းအရင်း များ အနက် ကြွေးကျန် များ အဆက်မပြတ် တိုးမြင့်လာခြင်းက တစ်ခု အပါအဝင် ဖြစ်ပြီး ယူနက်စကို ၏ ထုတ်ပြန်ချက်အရ အမေရိကန် နိုင်ငံ ၏ ယူနက်စကို ကြွေးကျန် မှာ  ဒေါ်လာ သန်း ၂၂၀ ရှိကြောင်း သိရှိခဲ့ရသည်။

အမေရိကန်နိုင်ငံ ၏ အချုပ်အခြာအာဏာ ကို ထိခိုက်စေခြင်း နှင့် နိုင်ငံသား ခံယူမှု ဥပဒေ နှင့် နယ်စပ်လုံခြုံရေး ကို ထိခိုက်စေခြင်း စသည့် အကြောင်းပြချက်များဖြင့် အမေရိကန်သည် ဒီဇင်ဘာ ၃ ရက်နေ့တွင် "ကမ္ဘာလုံးဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး သဘောတူညီချက်" မှ ထပ်မံ နုတ်ထွက်ခဲ့သည်။ 

ထို့ပြင် အမေရိကန် နိုင်ငံ က ဂျေရုဆလမ်မြို့အား အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ်အသိအမှတ်ပြုခဲ့ခြင်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၂၀ ကျော်က ဝေဖန်ကန့်ကွက်မှု ပြုခဲ့ကြပြီး နောက်ရက်အနည်း ငယ်အကြာ ဒီဇင်ဘာလ  ၂၄ ရက်နေ့တွင် အမေရိကန် နိုင်ငံ က ၂၀၁၈ ခုနှစ်တွင် ကုလသမဂ္ဂသို့ ၎င်း၏ထည့်ဝင်ငွေ စုစုပေါင်းအနက် ၂၅ ရာခိုင်နှုန်းနီးပါး ရှိမည့် အမေရိကန်ဒေါ်လာ ၂၈၅ သန်း ကိုဖြတ်တောက်လျှော့ချသွားမည်ဟု ဒီဇင်ဘာလ ၂၄ ရက်က ကြေညာခဲ့ပါသည်။

ဖော်ပြပါအချက်များကြောင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ၏ " အမေရိကန်ပထမ" မူဝါဒကြောင့် လာမည့် ၂၀၁၈ ခုနှစ် တွင်လည်း အမေရိကန် နိုင်ငံသည်  မည်သည့် နိုင်ငံတကာ အဖွဲ့အစည်း များမှ ထပ်မံ နုတ်ထွက် သွားနိုင်ဖွယ်ရှိသည်ကို  ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။

(၃)ကာတာနှင့်အာရပ်နိုင်ငံများအကြားသံတမန်ရပ်ဆိုင်းမှုက အရှေ့အလယ်ပိုင်းဒေသအတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်စေခဲ့

အီရတ်နိုင်ငံ၊ ဆီးရီးယားနိုင်ငံ နှင့် ယီမင်နိုင်ငံတို့တွင် ဖြစ်ပွားနေသော ပဋိပက္ခစစ်ပွဲများအတွင်း အီရန်နိုင်ငံ နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့၏ အင်အားချင်းပြိုင်ဆိုင်မှုများ မြင့်တက်လာနေသည့်အချိန်မှာပင် အရှေ့အလယ်ပိုင်းဒေသအတွင်း အီရန်၏ မဟာမိတ် ကာတာနိုင်ငံ နှင့် အိမ်နီးချင်းအာရပ်နိုင်ငံများအကြား မညီညွတ်မှုများ မြင့်တက်လာခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်ပြီး အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်းနိုင်ငံ၊ အီဂျစ်နိုင်ငံ တို့က ကာတာနိုင်ငံသည် အကြမ်းဖက်မှုအတွက် ရန်ပုံငွေပေးခြင်း၊ အကြမ်းဖက်သမားများအား လက်ခံထားခြင်း နှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်ခြင်းဟူသော စွပ်စွဲချက်များဖြင့် ကာတာနိုင်ငံ နှင့် သံတမန် ဆက်ဆံရေး အပြင် ရေကြောင်း၊ လေကြောင်း နှင့် ကုန်းကြောင်း ဆက်သွယ်မှုများကိုပါ ဇွန်လ ၅ရက်တွင် ဖြတ်တောက်ခဲ့ပြီးနောက် ကာတာနိုင်ငံ သည် အကျပ်အတည်းများ နှင့် ကြုံတွေ့လာခဲ့ရသည်။

ထို့ပြင် ယင်းအာရပ်နိုင်ငံများက ၎င်းတို့၏ သံတမန်များကို ကာတာနိုင်ငံမှ ပြန်လည်ခေါ်ယူခြင်း၊ ကာတာသံတမန်များကို ပြည်နှင်ဒဏ်ပေးခြင်း နှင့် ကာတာနိုင်ငံသားများကို ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းတို့ဖြင့် ကာတာနိုင်ငံအပေါ် ပိတ်ဆို့မှုများ တိုးမြှင့်လုပ်ဆောင်ခြင်း နှင့်အတူ ကူဝိတ်နိုင်ငံကို ကြားနေအဖြစ်ထား၍ ကာတာနိုင်ငံအား အယ်ဂျားဇီးယားရုပ်သံလိုင်း ပိတ်သိမ်းရေး၊ အီရန်နိုင်ငံ နှင့်သံတမန်ဆက်ဆံရေးဖြတ်တောက်ရေး အပါအဝင် တောင်းဆိုချက် ၁၃ ချက်ကို တောင်းဆိုပြီး ဖိအားပေးမှုအား ပြုလုပ်ခဲ့သည်။

ကာတာနိုင်ငံဘက်မှလည်း အာရပ်နိုင်ငံများ၏ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး နိုင်ငံပေါင်း ၈၀ကျော် ကို ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပေးခြင်း၊ ၎င်းအားပိတ်ဆို့ထားသည့် အာရပ်နိုင်ငံများကို ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း စသည့် တုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ ၂၀၁၇ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းနိုင်ငံများအကြား စိတ်ဝမ်းကွဲမှုမြင့်တက်လာခဲ့ပြီး ပင်လယ်ကွေ့ဒေသအတွင်း တည်ငြိမ်မှုတစ်စတစ်စပျက်စီးလာခဲ့ရသည်။

(၄)တင်းမာမှုများ မြင့်တက်လာခဲ့သော ရုရှား-အမေရိကန် ဆက်ဆံရေး

ပြီးခဲ့သော အမေရိကန်သမ္မတရွေးကောက်ပွဲတွင်  ရုရှားနိုင်ငံမှ ကြားဝင်နှောင့်ယှက်မှုများပြုလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်က အစပြု၍ ရုရှား-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးသည် အနုတ်လက္ခဏာဖက်သို့ ဦးတည်ခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်တက်လာပြီးနောက် ဆီးရီးယားအရေး အပေါ် အမေရိကန်-ရုရှား နှစ်နိုင်ငံသဘောထားရပ်တည်ချက်ကွဲလွဲမှုများကြောင့် ၂ဝ၁၇ ခုနှစ်တွင် ပို၍ ဆိုးရွားခဲ့ရသည်။ စစ်အေးခေတ်(Cold war) နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေဟုပင် ဆိုနိုင်သည်။

ဆီးရီးယားအစိုးရက သူပုန်များထိန်းချုပ်ထားသည့် Khan Sheikhoun မြို့ အား ဓာတုလက်နက်များဖြင့် တိုက်ခိုက်ခဲ့ခြင်းအပေါ် တုံ့ ပြန်သည့်အနေဖြင့် ဆီးရီးယားစစ်တပ်လေတပ်စခန်းအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၂ဝ၁၇ ခုနှစ် ဧပြီလ ၇ ရက်တွင် အမိန့် ပေးခဲ့သည်။ ယင်းတိုက်ခိုက်မှုအား နိုင်ငံတကာဥပဒေကို ချိုးဖောက်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအား အမေရိကန်က ကျူးကျော်ရန်စခြင်းပင်ဖြစ်ကြောင်း ရုရှားနိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

အဆိုပါဖြစ်ရပ်များဖြစ်ပွားပြီး ဧပြီလအတွင်း သတင်းသမားများနှင့်တွေ့ ဆုံစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံ နှင့် ရင်းနှီးသော ဆက်ဆံရေးမျိုးလုံးဝမရှိကြောင်း နှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးသည်လည်း မည်သည့်အချိန်မဆို နိုမ့်ကျနေကြောင်း ထုတ်ဖော်ပြောကြားသည်အထိ ဖြစ်ခဲ့ရသည်။

၂ဝ၁၇ ခုနှစ် ဧပြီလတွင် ရုရှားအစိုးရပိုင် ရုပ်သံလိုင်းတစ်ခုနှင့်ပြုလုပ်သော တွေ့ ဆုံမေးမြန်းခန်းတစ်ခု၌ သမ္မတပူတင်က ရုရှား နှင့် အမေရိကန် နှစ်နိုင်ငံကြားက ယုံကြည်မှုအခြေအနေ ၊ အထူးသဖြင့် စစ်ရေးအရ ဆက်ဆံမှု အနေအထားသည် ကောင်းမွန်လာခြင်း မရှိသည့်အပြင် ပို၍ ဆိုးရွားလာနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရုရှားသမ္မတဗလာတီမာပူတင် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန်တို့ သည် ဧပြီလ ၁၁ ရက်တွင် မော်စကိုမြို့ ၌ တွေ့ ဆုံဆွေးနွေးမှုအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တီလာဆန်က ရုရှား နှင့် အမေရိကန် ဆက်ဆံရေးသည် အနိုမ့်ဆုံးအဆင့်ကို ရောက်ရှိနေကြောင်း ဝန်ခံပြောကြားခဲ့သည်။

ထို့ ပြင် ၂ဝ၁၇ ခုနှစ်အတွင်း ကိုရီးယားကျွန်းဆွယ်အရေး နှင့်ပတ်သက်၍ ရုရှား နှင့် အမေရိကန်အကြား အမြင်မတူမှုများစွာ ရှိခဲ့ရာ ယင်းကိစ္စရပ်သည်လည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတွင် အဖုအထစ်များ ပေါ်ပေါက်ခဲ့ရသည်။

 

(၅)ဒုံးကျည်စမ်းသပ်မှု နှင့် ကိုရီးယားကျွန်းဆွယ်တင်းမာမှုများ

၂၀၁၇ခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံအကြား အပြန်အလှန် ခြိမ်းခြောက်မှုများပြုလုပ်လာသည့် နှင့် အမျှ ကိုရီးယားကျွန်းဆွယ် အတွင်း တင်းမာမှုများလည်း မြင့်တက်လာခဲ့သည်။

နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် နျူကလီးယားစမ်းသပ်မှုကို မြောက်ကိုရီးယားနိုင်ငံဘက်မှ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည့် နည်းတူ အမေရိကန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံတို့ကလည်း မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်ခတ်မှုကို ကာကွယ်ရန် ကိုရီးယားကျွန်းဆွယ်အတွင်း စစ်ရေးလေ့ကျင့်မှုများကိုဆောင်ရွက်ခဲ့သည်။

အမေရိကန်နှင့် ကုလသမဂ္ဂ က မြောက်ကိုရီးယားနိုင်ငံအပေါ် အဘက်ဘက်မှ ပိတ်ဆို့တားဆီးမှုလုပ်ဆောင်နေသည့် ကြားက မြောက်ကိုရီးယားနိုင်ငံသည် ၂၀၁၇ခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှု ၁၅ကြိမ်ကျော်ပြုလုပ်ခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် မြောက်ကိုရီးယားမှ ပစ်လွှတ်ခဲ့သော ဒုံးကျည်သည် ဂျပန်ကျွန်းစုများအပေါ်မှ ဖြတ်သန်းသွားပြီး ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ ထိုးဆင်းသွားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ က ၎င်းတို့၏ ဟွာဆောင်း-၁၅အမည်ရှိ တိုက်ချင်းပစ်ဒုံးကျည်သည် မိုင်၈၀၀၀ကျော် (၁၃,၀၀၀ကီလိုမီတာ)အထိ ပျံသန်းနိုင်ပြီး ဝါရှင်တန်မြို့ နှင့် အမေရိကတိုက်ရှိ အခြားသော ဒေသများသို့ပင် ပစ်ခတ်နိုင်စွမ်းရှိကြောင်း ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က မြောက်ကိုရီးယားနျူကလီးယားအရေးကို သံတမန်နည်းဖြင့် ဦးစားပေးဖြေရှင်းသွားမည်ဖြစ်ပြီး စစ်ရေးအရဖြေရှင်းမှုသည် အရံနည်းလမ်းသာဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း နှစ်နိုင်ငံအကြား တင်းမာမှုသည် လျော့ကျသွားခြင်းမရှိသည်ကိုတွေ့ရှိရသည်။

(၆)လူကြိုက်များဝါဒ(Populism) က ဥရောပ နိုင်ငံရေး လမ်းပြမြေပုံ အပေါ် ဖြစ်ပွားလာသည့် ထိခိုက်မှု 

၂၀၁၇ ခုနှစ် သည် ဥရောပ တိုက်၏ ရွေးကောက်ပွဲ နှစ်တစ်နှစ် ဖြစ်ခဲ့ပြီး မတ်လပိုင်း တွင် နယ်သာလန် နိုင်ငံ တွင် ကျင်းပသည့် ရွေးကောက်ပွဲ ၊ ဧပြီလတွင် ပြင်သစ် နိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲ နှင့် စက်တင်ဘာလ တွင် ဂျာမနီ နိုင်ငံ ၌ ကျင်းပ မည့် ရွေးကောက်ပွဲ စသည့် ရွေးကောက်ပွဲများကြောင့် လူကြိုက်များဝါဒ ကို ဦးစားပေး သည့် နိုင်ငံရေး ပါတီများ မှာ တစ်နေ့တစ်ခြား ပိုမိုတက်ကြွလှုပ်ရှား လာခဲ့သည်။ ဥရောပ တိုက်၏ နိုင်ငံရေးလောက မှာလည်း "လူကြိုက်များဝါဒ နိုင်ငံရေး ပါတီ ဦးဆောင်မှု ပုံစံ" နှင့် "အဓိက ဦးဆောင်သည့် နိုင်ငံရေး ပါတီများ လူကြိုက်များဝါဒ ပုံစံ ကူးပြောင်မှု" ဟူ၍ ဖြစ်ပွားလာခဲ့ပြီး လူကြိုက်များ ဝါဒ ဦးစားပေးသည့် ပါတီ များက အာဏာရပါတီများ၏ အားကောင်းသော ပြိုင်ဘက် များ ဖြစ်လာ ခဲ့ကာ ဥရောပ နိုင်ငံရေး လမ်းပြမြေပုံ အပေါ် သက်ရောက်မှုများ ဖြစ်ပွား လာခဲ့သည်။

စက်တင်ဘာ ၂၄ ရက်နေ့ တွင် ဂျာမနီ နိုင်ငံ တွင် ပြည်ထောင်စု လွှတ်တော်အမတ်ရွေးကောက်ပွဲ ကျင်းပ ခဲ့သည်။ ဂျာမနီ နိုင်ငံ ဝန်ကြီးချုပ် Angela Merkel ဦးဆောင်သော CDU/CSU ပါတီ က အနိုင်ရရှိခဲ့သော်လည်း မဲရရှိမှု ရာခိုင်နှုန်း မှာ သိသာစွာ ကျဆင်းခဲ့သည်။ ဂျာမနီ ရွေးချယ်မှု ပါတီ (Alternative for Germany party) က ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း ဂျာမနီ လွှတ်တော် သို့ ဝင်ရောက် နိုင်ခဲ့သည့် လူကြိုက်များဝါဒ နိုင်ငံရေး ပါတီ တစ်ခု ဖြစ်လာ ခဲ့ပြီး ဂျာမနီ နိုင်ငံ ၏ တတိယ အင်အားကြီး ပါတီ တစ်ခုလည်း ဖြစ်လာ ခဲ့သည်။

ဥရောပ တိုက်တွင် ဒုက္ခသည်အရေး နှင့် စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးလာချိန်တွင် လူမှုဘဝ သဘောထား ကွဲလွဲမှု အခြေအနေ မှာလည်း တစ်နေ့တစ်ခြား ပိုမို ဆိုးရွား လာခဲ့သည်။ နိုင်ငံရေး အစွန်းရောက်မှု များမှာလည်း ပိုမို သိသာထင်ရှားလာခဲ့ပြီး  ပြည်သူလူထု များအနေဖြင့်လည်း ရိုးရာ နိုင်ငံရေးဝါဒ ပါတီ များအပေါ် ယုံကြည်မှုများ အဆက်မပြတ် လျော့နည်းလာခဲ့သည်။ ၂၀၁၇ ခုနှစ် တွင် နယ်သာလန် ၊ ပြင်သစ် ၊ သြစတြီးယား စသည့် နိုင်ငံများတွင် ကျင်းပ ခဲ့သည့် ရွေးကောက်ပွဲများတွင် "အီးယူ ဆန့်ကျင်ရေး နှင့် လူဝင်မှု ကြီးကြပ်ရေး ဆန့်ကျင်မှု" ဝါဒ ကို ဦးစားပေးသည့် အစွန်းရောက် လူကြိုက်များဝါဒ နိုင်ငံရေး ပါတီ များက ပြန်လည် ဦးမော့လာခဲ့ပြီး ဥရောပ တိုက်၏ ရိုးရာ နိုင်ငံရေး လမ်းပြမြေပုံ အပေါ် များစွာ ထိခိုက်မှုများ ရှိလာ ခဲ့သည်။

ဥရောပ တိုက်၏ သမိုင်းတစ်လျှောက်တွင် လူကြိုက်များ ဝါဒ ကို ဦးစားပေး သည့် နိုင်ငံရေး ပါတီ များ အနေဖြင့် လူထု ထောက်ခံမှု ရရှိရန် ခက်ခဲခဲ့သော်လည်း လက်ရှိချိန်တွင် အဓိက နိုင်ငံရေး ပါတီ များကို ယှဉ်ပြိုင်ရန် အားကောင်းသည့် ပြိုင်ဘက်များ ဖြစ်လာရသည့် အကြောင်းရင်း မှာ အဓိက အားဖြင့် ဥရောပ တိုက်၏ လတ်တလော ၁၀ နှစ်သာ ကာလ အတွင်း ကြုံတွေ့ခဲ့ရသည့် ထိခိုက်မှု နှစ်ခု နှင့် အားလျော့မှု နှစ်ခု တို့ကြောင့် ဖြစ်သည်။ ၄င်းတို့မှာ ဥရောပ တိုက်တွင် ဖြစ်ပွား ခဲ့သည့် ငွေကြေးဘေးဒုက္ခ မှာ ဖြစ်ပေါ်လာသည့် ထိခိုက်မှု ၊ ကမ္ဘာလုံးဆိုင်ရာ ပုံစံ ကြောင့် ရင်ဆိုင်လာရသည့် စိန်ခေါ်မှု ၊ အီးယူ အဖွဲ့အစည်း ၏ အုပ်ချုပ်မှု အားလျော့လာမှု နှင့် လူမှုဘဝ အကျိုးခံစားခွင့် စနစ် အားလျော့ လာမှု တို့ကြောင့် ဖြစ်သည်။

ထို့ကြောင့် လက်ရှိချိန်တွင် ကမ္ဘာလုံးဆိုင်ရာပုံစံ ၊ အီယူ ၊ လူဝင်မှုကြီးကြပ်ရေး နှင့် အစ္စလာမ်ဘာသာ စသည် တို့ကို ဆန့်ကျင်သည့် လူကြိုက်များဝါဒ နိုင်ငံရေး ပါတီ များက စီးပွားရေး ကျဆင်းမှု ၊ အလုပ်လက်မဲ့ ရာခိုင်နှုန်း မြင့်မားမှု ၊ ဒုက္ခသည်များ ဝင်ရောက်မှု နှင့် အကြမ်းဖက် တိုက်ခိုက်မှု တို့ကြောင့် အစိုးရ အပေါ် မကျေနပ်ကြသည့် ပြည်သူလူထု များ၏ လက်ခံမှု ကို ရရှိစေခဲ့သည်။ သို့သော် ဥရောပ တိုက်ရှိ နိုင်ငံများ တွင် ရွေးကောက်ပွဲ မှာ ဆက်လက် ကျင်းပသွားမည် ဖြစ်ရာ လူကြိုက်များ ဝါဒ အား ယခု ကဲ့သို့ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်း သည် ဥရောပ အသိုက်အဝန်း တည်ဆောက်ရေး နှင့် အီးယူ ဒီမိုကရေစီ စနစ် တရားဝင်ရေး တို့အပေါ် ထိခိုက်မှုများ ရှိလာမည် ဖြစ်ကာ နောက်ဆုံးတွင် ဥရောပ တိုက် ၏ လမ်းပြမြေပုံကြီးအား အစိတ်စိတ် အမွှာမွှာ ဖြင့်သာ ရှေ့ဆက်သွား စေမည် ဖြစ်သည်။

(၇) အကြမ်းဖက်တိုက်ခိုက်မှုများ၏ ခြိမ်းခြောက်မှုကိုခံလာရသည့် ကမ္ဘာ့အနောက်ခြမ်း

အရှေ့အလယ်ပိုင်းဒေသမှ အစပြု၍ ပေါ်ပေါက်လာသော အကြမ်းဖက်အုပ်စုများ၏ အန္တရာယ်မီးသည် တစ်စတစ်စ ကြီးထွားလာပြီး ယခုအခါတွင်မူ ကမ္ဘာ့အနောက်ခြမ်းနိုင်ငံများသို့ပါ ကူးစက်ပျံ့နှံ့လာခဲ့သည်ကို တွေ့ရသည်။

၂၀၁၇ခုနှစ် မတ်လ ၂၂ ရက်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ပါလီမန်အဆောက်အအုံအပြင်ဘက် နှင့် ဝက်မင်စတာတံတား၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် လူ၅ဦးသေဆုံးခဲ့ပြီး လူ ၄၀ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုများသည် အနောက်နိုင်ငံများ၌ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။

ထို့ပြင် အင်္ဂလန် မန်ချက်စတာ ကဇာတ်ရုံ၌ မေလ ၂၂ရက်တွင် ဖြစ်ပွားခဲ့သည့် လူ၁၉ဦးသေဆုံးပြီး အနည်းဆုံး လူ ၅၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုက အနောက်နိုင်ငံများကို အထိနာစေပြီး ၎င်းတို့၏ လုံခြုံရေးစနစ်များကို မေးခွန်းထုတ်စရာများဖြစ်လာစေခဲ့သည်။

ကမ္ဘာ့အနောက်ခြမ်းကို အကြမ်းဖက်သမားများ ဦးတည်လာနေကြောင်း အရှေ့အလယ်ပိုင်း ပဋိပက္ခအရေးကိုသာ အာရုံစိုက်နေသည့် အနောက်နိုင်ငံများမှ ခေါင်းဆောင်များ သတိထားမိလာစဉ်မှာပင် စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ သြဂုတ် ၁၇ရက်တွင် ဗင်ကားဖြင့် လူအုပ်အတွင်းဝင်ရောက်တိုက်ခိုက်သဖြင့် လူ ၁၃ဦးသေဆုံးပြီး လူတစ်ရာကျော် ဒဏ်ရာရရှိခဲ့မှု၊ လန်ဒန်မြို့ မြေအောက်ဘူတာရုံတွင် စက်တင်ဘာ ၁၅ရက်က ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ၃၀ဦး ဒဏ်ရာရရှိခဲ့မှု အစရှိသည့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ထို့ပြင် အကြမ်းဖက်သမားများသည် အများပြည်သူဆိုင်ရာနေရာများ၌ အကြမ်းဖက်မှုများလုပ်ဆောင်ခြင်းကို ရပ်တန့်ခြင်းမရှိသည့်အပြင် လန်ဒန်မြို့ အမှတ် (၁၀) ဒေါင်းနင်းလမ်းရှိ ဗြိတိန်ဝန်ကြီးချုပ်အိမ်တော်၌ ဝန်ကြီးချုပ် ထရီဇာမေကို လုပ်ကြံသတ်ဖြတ်ရန် အကြမ်းဖက်သမား ၂ဦးက ကြံစည်ခဲ့သည်အထိ အကြမ်းဖက်လုပ်ငန်းများကို အရှိန်အဟုန်မြင့်လုပ်ဆောင်ပြီး ကမ္ဘာ့အနောက်ခြမ်းကို ခြိမ်းခြောက်လာကြသည်။ 

 

(၈) ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး အတူတကွ တိုးတက်ကောင်းမွန်လာမှု သိသာထင်ရှား

အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (OECD) က စက်တင်ဘာ ၂၀ ရက်နေ့၌ ကမ္ဘာ့စီးပွားရေး အသိုက်အဝန်း များ၏ ယခုနှစ် စီးပွားရေး တိုးတက်မှုနှုန်း မှာ မြင့်တက် လာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်လည်း စီးပွားရေး တိုးတက်မှုနှုန်း ဆက်လက် မြင့်တက်လာမည်ဟု မျှော်မှန်းထားကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက် အရ ကမ္ဘာ့စီးပွားရေး တိုးတက်ကောင်းမွန်မှု ခြေလှမ်းများ သည် ပိုမို ညီမျှစွာဖြင့် မြင့်တက်လာကြောင်း သိရှိခဲ့ရသည်။

နိုင်ငံတကာ ငွေကြေးရံပုံငွေ အဖွဲ့(IMF) ၏ အောက်တိုဘာ ၁၀ ရက်နေ့ က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ၂၀၁၇ ခုနှစ်၏ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း ကို ၃.၆ ရာခိုင်နှုန်း အဖြစ် သတ်မှတ် ခဲ့ပြီး ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်း ကို ၃.၇ ရာခိုင်နှုန်း အဖြစ် သတ်မှတ် ခဲ့သည်။ ထို့ပြင် ၂၀၁၇ ခုနှစ်၏ ဖွံ့ဖြိုးတိုးတက်ပြီး စီးပွားရေး အသိုက်အဝန်း ၏ ဖွံ့ဖြိုးတိုးတက်မှု ရာခိုင်နှုန်း ကို ၂.၂ အဖြစ် သတ်မှတ် ခဲ့ပြီး ၂၀၁၈ ခုနှစ် ၏ တိုးတက်မှုနှုန်း ကို ၂ ရာခိုင်နှုန်း အဖြစ် သတ်မှတ် ခဲ့သည်။  

ထို့ပြင် ကုလသမဂ္ဂ စီးပွားရေး နှင့် လူမှုရေး လုပ်ငန်းဌာန ၊ ကုလသမဂ္ဂ ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး နှင့် ကုလသမဂ္ဂ ရှိ ကော်မတီ ၅ ခု တို့ က ဒီဇင်ဘာ ၁၁ ရက်နေ့၌ ပူးပေါင်း ထုတ်ပြန် ခဲ့သည့် "၂၀၁၈ ခုနှစ် ကမ္ဘာ့စီးပွားရေး အခြေအနေ နှင့် အလားအလာ" အစီရင်ခံစာ တွင် ၂၀၁၇ ခုနှစ်၏ ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှုန်းမှာ ၃ ရာခိုင်နှုန်းရှိမည် ဟု ခန့်မှန်းထားပြီး ၄င်း တိုးတက်မှုနှုန်းတွင် တရုတ် နိုင်ငံ က သုံးပုံတစ်ပုံ ကို အထောက်အကူ ဖြစ်စေမည်ကြောင်း ဖော်ပြထားသည်။

ကုလသမဂ္ဂ ၏ စာရင်းပြုစုချက်အရ ၂၀၁၇ ခုနှစ်တွင် ဘေးအန္တရာယ် နှင့် သက်ဆိုင်သော အကြောင်းရင်း များနှင့် မတည်ငြိမ်မှုများ လျော့ကျ လာသောကြောင့် ကမ္ဘာ့စီးပွားရေး အခြေအနေ မှာ အဓိက အားဖြင့် ပြန်လည် ကောင်းမွန်လာခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း သုံးပုံနှစ်ပုံ ခန့်၏ နိုင်ငံစီးပွားရေး တိုးတက်မှုနှုန်းသည် ယခင်နှစ် ထက် မြင့်တက် လာခဲ့ကြောင်း သိရှိရသည်။

(၉) ကမ္ဘာတစ်ဝန်း၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သော ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံ

တရုတ်နိုင်ငံတွင် ငါးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသော တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ၁၉ ကြိမ်မြောက် အမျိုးသားညီလာခံအား စက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည်။ အဆိုပါ ညီလာခံသည် ပွင့်လင်းမြင်သာမှုရှိပြီး ကမ္ဘာတစ်ဝန်း၏ အာရုံစိုက်ခြင်းကိုခံရသော အခမ်းအနားတစ်ခုဖြစ်လာခဲ့သည်။

နိုင်ငံတကာရေးရာများ၌ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍသည် အထူးသဖြင့် စီးပွားရေးနှင့် နိုင်ငံရေး နယ်ပယ်များ အပါအဝင် လမ်းကြောင်း အားလုံးတွင် ပို၍ အရေးပါလာခဲ့သည်။ တရုတ်နိုင်ငံသည် ယခုအခါ ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး ဖြစ်လာသည့်အတွက် တရုတ်ပြည်တွင်း အခြေအနေများက ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းမိုးမှု ရှိသည်ဟု နိုင်ငံတကာသတင်းများက သုံးသပ်ခဲ့ကြသည်။ 

တရုတ် ကွန်မြူနစ်ပါတီ (CPC) ၁၉ ကြိမ်မြောက် ဗဟို ကော်မတီ၏ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးအား အောက်တိုဘာလ ၂၅ ရက်တွင် ကျင်းပခဲ့ကာ တရုတ်နိုင်ငံ၏ သမ္မတလည်းဖြစ်သူ ရှီကျင့်ဖိန်အား ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူးအဖြစ် ပြန်လည်ရွေးချယ်ခဲ့သည်။

ငါးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိသော CPC ညီလာခံတွင် လာမည့် ငါးနှစ်တာအတွင်း တရုတ်နိုင်ငံ၏ မျှော်မှန်းချက်နှင့် မဟာဗျူဟာစီမံကိန်းအား ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၁၃ ခုနှစ်တွင် အဆိုပြုထားခဲ့သော လူသားမျိုးနွယ်အတွက် ပိုမိုကောင်းမွန်သော အနာဂတ်မျှဝေမှုရှိသော အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးအယူအဆအား လှုပ်ရှားမှုအသွင်ကူးပြောင်းသွားမည်ဟု ဆိုသည်။

ဆယ်စုနှစ်ကြာ ကြိုးစား လုပ်ကိုင်ခဲ့သည့်အတွက် ဆိုရှယ်လစ်စနစ်သည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်သွင်ပြင်လက္ခဏာဖြင့် ခေတ်သစ်ကို ဝင်ရောက်လာခဲ့ပေပြီ။ အခြေအနေသစ်များဖြင့် အသွင်သစ် ရရှိအောင် ပိုမိုဆောင်ရွက်သွားမည်ဖြစ်သလို အောင်မြင်မှု အသစ်များ စိုက်ထူသွားမည်ဖြစ်ကြောင်း CPC ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ထို့ပြင် CPC နှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီများ အဆင့်မြင့် အစည်းအဝေးအား တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံအောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် နိုင်ငံတကာမှာ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြသည်။

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဖွဲ့စည်းသည်မှာ ၉၆ နှစ်ရှိပြီ ဖြစ်ပြီး တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်သည်မှာ ၆၈ နှစ်ရှိလာခဲ့သလို ပြုပြင်ပြောင်းလဲမှုများနှင့် ပွင့်လင်းမှုများ စတင်ဖော်ဆောင်ခဲ့သည်မှာ ၃၉ နှစ် ရှိလာခဲ့ပြီ ဖြစ်သည်။

၁၈၄၀ ခုနှစ် ဘိန်းစစ်ပွဲပြီးနောက် ပြည်ပကျူးကျော်သူများ၏ ကျူးကျော်မှုများဖြင့် ခေတ်ဟောင်း တရုတ်နိုင်ငံ၏    ကျဉ်းထဲကျပ်ထဲရောက်နေသော အခြေအနေအား လုံးဝဥဿုံ အဆုံးသတ်စေကာ တရုတ်နိုင်ငံနှင့် ပြည်သူများကို CPC က ဦးဆောင် စည်းရုံးခဲ့ပြီး အားနည်းမှုများနှင့် ဆင်းရဲတွင်းထဲမှ ဆွဲတင်ခဲ့ခြင်း ဖြစ်သည်။ 

(၁၀) အရှေ့အလယ်ပိုင်းက တပ်ဆုတ်လာသော အိုင်အက်စ် (IS) များ ကမ္ဘာ့နိုင်ငံတွေကို ပျံ့နှံ့လာလေသလား

အရှေ့အလယ်ပိုင်းဒေသတွင် အိုင်အက် (IS) တို့ ခြေကုတ်ယူထားသော နိုင်ငံတစ်ခုဖြစ်သည့် အီရတ်နိုင်ငံမှ အိုင်အက်စ်တို့ကို တိုက်ထုတ်နိုင်ခဲ့ပြီဟု အီရတ်နိုင်ငံမှ ကြေညာထားခဲ့သော်လည်း ယင်း အကြမ်းဖက်အုပ်စုမှာ အပြီးသတ်ကျဆုံးသွားခြင်းမဟုတဘဲ အီရတ်နိုင်ငံအတွင်း၌လည်း ပုန်းအောင်းတည်ရှိနေသေးကာ ဆီးရီးယားနိုင်ငံသာမက ဥရောပ၊ အာရှဒေသများသို့ အိုင်အက်စ် ထောက်ခံသူ အကြမ်းဖက်အဖွဲ့များအဖြစ် စိမ့်ဝင်ပျံ့နှံ့သွားခဲ့သည်ဟု ဆိုသည်။

သုံးနှစ်တာနောက်ဆုံး စစ်ပွဲအားအဆုံးသတ်ပြီးနောက် အိုင်အက်စ် စစ်သွေးကြွများ၏ လက်မှ အီရတ်နိုင်ငံ လွတ်မြောက်ပြီဖြစ်ကြောင်း အီရတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Haider Abadi က ဒီဇင်ဘာလ ၉ ရက်တွင် ကြေညာခဲ့သည်။

သို့သော်လည်း အီရတ်နိုင်ငံအတွင်းမှ အိုင်အက်စ်တို့ ဆုတ်ခွာသွားပြီဆိုသော်ငြားလည်း ဆီးရီးယားနိုင်ငံ နယ်စပ်အား ဖြတ်ကျော်၍လည်းကောင်း၊ နိုင်ငံအတွင်း ဆင်ခြေဖုန်းဒေသများတွင် ပုန်းအောင်း၍လည်းကောင်း အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသေးသည်။ 

အကြမ်းဖက်မှုများအားလုံး၏ အကြောင်းတရားများနှင့် ရှေ့ပြေးနိမိတ်များအား ကိုင်တွယ်ရန် ကျယ်ပြန့်သည့် အမျိုးသားလုပ်ငန်း အစီအစဉ်များကို နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးတကြီး လုပ်ဆောင်သင့်ပေပြီ။

နည်းပညာ တိုးတက်လာသည်နှင့်အမျှ အကြမ်းဖက်အဖွဲ့များသည် အင်တာနက်နှင့် လူမှုမီဒီယာများအား အသုံးချကာ ၎င်းတို့၏ သဘောတရားများကို ဖြန့်ကျက်လျက် ကမ္ဘာ့နိုင်ငံအသီးသီးမှ အဖွဲ့ဝင်သစ်များအား စုဆောင်းနေဆဲဖြစ်သည်။

“အကြမ်းဖက် အဖွဲ့အစည်းတွေက ကျွန်မတို့ရဲ့ ခေတ်သစ်ဘဏ်စနစ်ကွန်ရက်တွေကို အသုံးပြုလာနေကြပြီ။ ဒါကြောင့် သူတို့ထက် ကြိုတင်ပြီး ကျွန်မတို့ရဲ့ စည်းမျဉ်းဥပဒေတွေ၊ သတင်းအချက်အလက်ဖလှယ်ရေးတွေ၊ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို အသုံးပြုထားဖို့လိုတယ်” ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေက ကုလသမဂ္ဂညီ အထွေထွေညီလာခံ နှစ်ပတ်လည် အဆင့်မြင့်စကားဝိုင်းဆွေးနွေးပွဲ၌ တင်ပြခဲ့သည်။

ယခုနှစ်အတွင်း ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တူရကီ၊ ဗြိတိန်၊ အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများ၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်လုပ်ရပ်များ၊ ခြိမ်းခြောက်မှုများက ပိုပြီး များလာသလို နိုင်ငံ တစ်နိုင်ငံထဲ တိုက်ခိုက်၍ ရနိုင်မည်မဟုတ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများအားလုံး ဘုံကျပြီး မဟာဗျူဟာကျသော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော ရေရှည်တည်တံ့သော လုံခြုံရေးအယူအဆသစ်ကို လိုက်လျှောက်သင့်ပြီဖြစ်သည်။ (Xinhua)