21
Sun, Oct
741 New Articles

မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးသည် ကောင်းမွန်သောအစပြုမှုတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) Politics, Law & Military

ပေကျင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် နှင့် အမေရိကန်နိုင်ငံခေါင်းဆောင် တို့ အကြား ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးသည် အလွန်အရေးပါကြောင်း နှင့် အပြုသဘောဆောင်သည့် သမိုင်းဝင်အခိုက်အတန့် ဖြစ်ကြောင်း ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

“ ကောင်းခြင်း တစ်ဝက်ကို စတင်လုပ်ဆောင်ခဲ့ပြီးပါပြီ” ဟု ပြောခွင့်ရပုဂ္ဂိုလ် Geng Shuang က ဇွန်လ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် ကင်-ထရမ့် ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်၍ သတင်းသမားများ၏မေးမြန်းချက်ကို အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

၎င်းအစည်းအဝေးသည် အပြုသဘောဆောင်သည့် အောင်မြင်မှုများရရှိခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး တွန်းအားပေးမှု နှင့် နိုင်ငံရေးနည်းလမ်းအရ အဖြေရှာမှုများတွင် အရေးပါသော ဖြစ်ပေါ်တိုးတက်မှုများဖြစ်ကြောင်း Geng က ဆိုသည်။

“ ခေါင်းဆောင်နှစ်ဦးရဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို တရုတ်နိုင်ငံက ကြီးစွာ ချီးကျူးဂုဏ်ပြုပါတယ်။ အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ဖို့ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ သက်ဆိုင်ရာနိုင်ငံအားလုံးကိုလည်း သူတို့ ရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ချီးကျူးပါတယ်” ဟု ၄င်းက ဆိုသည်။

“ အမေရိကန်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ထိပ်တိုက်ရင်ဆိုင်မှု နဲ့ ရန်လိုမှုတွေ ကာလရှည်ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ တန်းတူရည်တူ မျက်နှာခြင်းဆိုင်ထိုင်ပြီး ဆွေးနွေးခဲ့တဲ့အတွက် အဲဒါဟာ သိပ်ကို အရေးပါပြီး အပြုသဘောဆောင်တဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်” ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

မြောက်ကိုရီးယား - အမေရိကန် ထိပ်သီးအစည်းအဝေး ရလဒ်များသည် နျူကလီးယားကင်းစင်ရေး ဆောင်ရွက်မှုအတွက် အရေးပါသောခြေလှမ်းတစ်ရပ် နှင့် မှန်ကန်မှုတစ်ခုဖြစ်ကြောင်း ၊ ရန်လိုမှု နှင့် ထိပ်တိုက်ရင်ဆိုင်မှုကို အဆုံးသတ်စေခဲ့ကြောင်း နှင့် ကိုရီးယားကျွန်းဆွယ်၌ ဖွံ့ ဖြိုးမှု နှင့် ငြိမ်းချမ်းမှု အားနည်းနေခြင်းကို အဆုံးသတ်စေခဲ့ကြောင်း ၄င်းက ဆိုသည်။

“နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူညီခဲ့တဲ့ အချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ကျွန်တော်တို့ အနေနဲ့ ဆန္ဒပြု ထောက်ခံပါတယ်” ဟု Geng က ပြောကြားခဲ့သည်။

“ ကျွန်းဆွယ်ရဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်အရေးအခင်းမှာ အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့  တရုတ်နိုင်ငံဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး နဲ့ ငြိမ်းချမ်းရေးယန္တယားတစ်ခု ထူထောင်ရေးကို ရှေးရှုပြီး အခြားသက်ဆိုင်ရာနိုင်ငံတွေနဲ့ အတူ လုပ်ဆောင်သွားဖို့ အဆင်သင့်ရှိပါတယ်။ ပြီးတော့ ကိုရီးယားကျွန်းဆွယ် ထာဝရတည်ငြိမ်ရေးအတွက် ပူးပေါင်းပါဝင်မှုတွေနဲ့ အပြုသဘောဆောင်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လုပ်ဆောင်သွားပါမယ်” ဟု ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)