22
Mon, Jul
550 New Articles

အီရန် နျူကလီးယားအရေး တင်းမာမှုအခြေအနေ မဆိုးဝါးစေရန် တရုတ်နိုင်ငံ တိုက်တွန်း

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်(Geng Shuang) အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်) Politics, Law & Military

ပေကျင်း၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အီရန် နျူကလီးယားအရေး တင်းမာမှုအခြေအနေ မဆိုးဝါးစေရန်  အီရန် နျူကလီးယားသဘောတူညီချက်ကို အားလုံးအတူ ထိန်းသိမ်းကြရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကိန်းစွမ်(Geng Shuang)က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။ 

နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ (IAEA)၏ အစီရင်ခံစာတွင်  အီရန်၏ အားပြည့်ယူရေနီယံ (enriched uranium) သိုလှောင်မှုပမာဏသည် အီရန် နျူးကလီးယားသဘောတူညီချက်တွင် သတ်မှတ်ထားသည့် ပမာဏထက်ကျော်လွန်နေသည်ဟု ဖော်ပြထားရာ ၄င်းကိစ္စရပ်အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ သဘောထားကြောင်း ယင်းနေ့က ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦးက မေးမြန်းခဲ့သည်။ 

ယင်းကိစ္စရပ်အပေါ်  တရုတ်နိုင်ငံအနေဖြင့် ၀မ်းနည်းမိကြောင်း၊ အီရန် နျူကလီးယား တင်းမာမှု အခြေအနေ၏အရင်းအမြစ်မှာ ယခင်က အကြိမ်ကြိမ်ဖော်ပြထားပြီးဖြစ်သည့်အတိုင်း အမေရိကန်၏ ပြင်းထန်သောဖိအားပေးမှုများကြောင့် ဖြစ်ကြောင်း  ကိန်းက ဆိုသည်။  အီရန်နျူကလီးယား သဘောတူညီချက်တွင် ပါဝင်သည့် နိုင်ငံများအနေဖြင့် သဘောတူညီချက်ပါ အကြောင်းအရာများကို ထိန်းသိမ်းရန် အဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း ၊ ဇွန် ၂၈ ရက်တွင် သဘောတူညီချက် ပူးတွဲကော်မရှင်က အစည်းအဝေးပွဲကျင်းပခဲ့ရာ သဘောတူညီချက်ကို ပြည့်စုံထိရောက်စွာ ဆောင်ရွက်ရန် ထပ်မံဖော်ပြပြီးဖြစ်ကြောင်း ၊ အီရန်အနေဖြင့် သဘောတူညီချက်တွင် ဆက်လက်တည်ရှိသွားလိုကြောင်း အကြိမ်များစွာ ဖော်ပြပြီးရာ ယခုဆောင်ရွက်မှုများ ပြန်လည်ပြောင်းလဲနိုင်မှုရှိကြောင်း၊ ရေရှည်အများအကျိုးစီးပွားအတွက် အခြေအနေတင်းမာမှုများ မဆိုးဝါးသွားစေရန် ဘက်ပေါင်းစုံမှ သဘောတူညီချက်ကို ထိန်းသိမ်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ကိန်းက ပြောကြားခဲ့သည်။(Xinhua)