18
Mon, Nov
486 New Articles

တရုတ်လွတ်မြောက်ရေးတပ်မတော်(PLA) လေတပ်ထူထောင်ခြင်းနှစ် ၇၀ ပြည့် အထိမ်းအမှတ် လေကြောင်းပြပွဲကျင်းပမည်

တရုတ်နိုင်ငံလွတ်မြောက်ရေးတပ်မတော်(PLA) လေတပ်မှ တိုက်လေယာဉ်များ လေ့ကျင့်ပျံသန်းစဉ်(ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊အောက်တိုဘာ၁၄ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) လေတပ် ထူထောင်ခြင်းနှစ် ၇၀ ပြည့် အထိမ်းအမှတ် အဖြစ် စစ်လက်နက်များ ၊ စစ်ဖက်အသုံးအဆောင်များ နှင့် လေကြောင်းပြပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါပြပွဲကို တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း Jilin ပြည်နယ်မြို့တော် ချန်ချွန်းမြို့(Chaungchun) ၌ အောက်တိုဘာ ၁၇ ရက် မှ ၂၁ ရက် အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း လေကြောင်းပြပွဲကျင်းပရေး ပြောရေးဆိုခွင့်ရှိသူ စိန်ကျင်းခယ် (Shen Jinke) က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ပြပွဲလာရောက်ကြည့်ရှုသူများအနေဖြင့် လေယာဉ်ပျံသန်းမှုစွမ်းရည်များ ၊ လေထီးခုန်မှုများ ၊ တတိယမျိုးဆက်တိုက်လေယာဉ်များ၏ တိုက်ခိုက်ရေးလေ့ကျင့်မှုနှင့် လေကြောင်းချီတပ်ဖွဲ့၏ သရုပ်ပြလေ့ကျင့်မှုများကို တွေ့မြင်ရမည်ဖြစ်ကြောင်း  လေတပ်စစ်ဉီးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီးတစ်ဉီးဖြစ်သူ ကျန်းစုံဟိုင် ( Zhang Shouhai) ကဆိုသည်။

လေယာဉ်ပျံသန်းမှုစွမ်းရည်ပြပွဲတွင် J-20 ကိုယ်ပျောက်တိုက်လေယာဉ် ၊ Y-20 ပို့ဆောင်ရေးလေယာဉ် နှင့် J-16 တိုက်လေယာဉ်များအပါအဝင် လေယာဉ်အမျိုးအစားပေါင်း ၁၀ ခုမှ စုစုပေါင်း လေယာဉ် ၃၅ စင်းပါဝင်ပြသသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

J-20 ကိုယ်ပျောက်လေယာဉ် ၅ စင်း နှင့် Y-20  ပို့ဆောင်ရေးလေယာဉ် ၃ စင်းသည် ပေကျင်းမြို့၌ အောက်တိုဘာ ၁ ရက်က ပြုလုပ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားတွင် ပါဝင်စစ်ရေးပြ ခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုစွမ်းရည် ၊ မဟာဗျူဟာမြောက်ထောက်ပံ့ရေး ၊ ကြိုတင်အချက်ပေးမှုနှင့်ထောက်လှမ်းမှု ၊ သတင်းအချက်အလက်ထောက်ပံ့မှု နှင့် လေကြောင်းရန်ကာကွယ်ရေး နှင့် ဒုံးကျည်ကာကွယ်ရေး စသည်တို့ကို လေတပ်မှ အထူးရွေးချယ်ထားသော စစ်လက်နက်ကိရိယာ ၇၁ ခုပါဝင်သော လေယာဉ် ၁၉ စင်းနှင့်အတူ  နည်းဗျူဟာမြောက် အခင်းအကျင်းများကို ပြသသွားမည်ဖြစ်ကြောင်း လေတပ်ဗိုလ်မှူးကြီး Huang Minglin ကဆိုသည်။

တိုက်လေယာဉ် ၊ ဗုံးကျဲလေယာဉ် ၊  ပို့ဆောင်ရေးလေယာဉ် ၊ လေကြောင်းရန် ကြိုတင်သတိပေးစနစ် ၊ လေ့ကျင့်ရေးလောယာဉ် ၊ ရဟတ်ယာဉ် နှင့် မောင်းသူမဲ့လေယာဉ်တစ်စင်း တို့လည်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း Huang ကဆိုသည်။ လေကြောင်းရန်ကာကွယ်ရေးလက်နက်များ နှင့် ကြိုတင်ထောက်လှမ်းရေးစနစ် ရေဒါများကိုလည်း ပြပွဲတွင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယခုနှစ်သည် တရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော် လေတပ်ထူထောင်ခြင်း နှစ် ၇၀ ပြည့်မြောက်သည့် အခါသမယဖြစ်ကြောင်း သိရသည်။(Xinhua)