27
Thu, Feb
439 New Articles

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်အား တွေ့ရစဉ်(ဆင်ဟွာ) Politics, Law & Military

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်(Mahathir Mohamad)နှင့် ဖေဖော်ဝါရီ ၁၃ ရက်က ချိန်းဆိုထားသည့်အတိုင်း ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးရာတွင် သမ္မတရှီက ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်သည် တရုတ်နိုင်ငံ ပြည်သူများ၏ မိတ်ဆွေဖြစ်ကြောင်း ၊ လက်ရှိ တရုတ်နိုင်ငံပြည်သူများသည်  COVID-19 ရောဂါ တိုက်ဖျက်ရေးကို ကြိုးပမ်းလုပ်ဆောင်နေသည့် အရေးကြီးအချိန်အခါတွင် ယခုကဲ့သို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခြင်းသည် မလေးရှားနိုင်ငံက တရုတ်နိုင်ငံအပေါ်တွင် ထားသည့် ချစ်ကြည်ရင်းနှီးမှုနှင့်အားပေးထောက်ခံမှုကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။ ရောဂါဖြစ်ပွားမှုအခြေအနေကြောင့် တရုတ်-မလေးရှား နှစ်နိုင်ငံ၏ ပုံမှန်ကူးလူးသွားလာမှုများကို ခေတ္တခဏ သက်ရောက်မှုရှိနိုင်သော်လည်း နှစ်နိုင်ငံ ပြည်သူများ၏နက်ရှိုင်းသည့်ချစ်ကြည်ရေးကို လှုပ်ခတ်နိုင်မှုမရှိကြောင်း၊ ရောဂါဘယ စိန်ခေါ်မှုများကို နှစ်နိုင်ငံအတူ လက်တွဲဖြေရှင်း၍ နှစ်နိုင်ငံ ဆက်ဆံဆက်ရေး အထူးသဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းတည်ဆောက်ရေးများကို နက်ရှိုင်းစွာ ဆောင်ရွက်သွားကာ ရလဒ်ကောင်းများကို ဖန်တီးပြီး နှစ်နိုင်ငံနှင့်နှစ်နိုင်ငံပြည်သူအများ၏ အကျိုးစီးပွားကို ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

COVID-19 ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအစိုးရက တစ်နိုင်ငံလုံးအင်အားဖြင့် တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုအပြည့်နှင့် ဘက်စုံထောင့်စေ့ တင်းကြပ်စွာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ အပြုသဘောဆောင် ထိရောက်သည့် ရလဒ်များ ရရှိခဲ့ကြောင်း၊ သေဆုံးမှုနှုန်းကို နည်းအောင် ထိန်းထားနိုင်သလို ကုသရေးနည်းလမ်းများကို အဆက်မပြတ်တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ ရောဂါသက်သာပျောက်ကင်းမှုနှုန်း အဆက်မပြတ် တိုးတက်လာကြောင်း ၊ တရုတ်နိုင်ငံအစိုးရ ဦးဆောင်သည့် ပြည်သူများက ယုံကြည်ချက်ခိုင်မာခြင်း၊ အေးတူပူမျှအပြန်အလှန်ရိုင်းပင်းကူညီခြင်း၊ သိပ္ပံနည်းကျ ရောဂါကာကွယ်ကုသခြင်း ၊ မူဝါဒများကို တိကျထိရောက်စွာဆောင်ရွက်ခြင်းဖြင့် ယခု ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အောင်မြင်အောင် ခိုင်မာစွာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 မိမိတို့အနေဖြင့် ကပ်ရောဂါ၏သက်ရောက်မှုဂယက်ကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ရာ တရုတ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်ကိုဆက်လက်ထိန်းထားပြီး ယခုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်တာဝန်များကိုလည်း ကြိုးစားအကောင်အထည်ဖော်သွားမည်ဖြစ်သလို မိမိတို့၏ ရေရှည်ရည်မှန်းချက်ပန်းတိုင်ကိုလည်း ခိုင်မာစွာ လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ COVID-19ရောဂါတိုက်ဖျက်ရေး နည်းလမ်းများသည် မိမိနိုင်ငံပြည်သူလူထု၏ ကျန်းမာရေးကိုသာ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ရုံသာမက ကမ္ဘာ့ပြည်သူကျန်းမာရေးအတွက်ပါ ဆောင်ရွက်ခြင်းဖြစ်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)နှင့်ကမ္ဘာ့နိုင်ငံအသီးသီးကလည်း အပြည့်အဝ အသိအမှတ်ပြုခဲ့ကြကြောင်း ၊ မိမိတို့အနေဖြင့် လူသားမျိုးနွယ်ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်းခံယူချက်ကို ဆက်လက် အခြေပြု၍ နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိမိတို့အပေါ်အဖိုးတန်သည့် နားလည်မှုနှင့်ထောက်ခံအားပေးမှုများ ပြုလုပ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် ကျေနပ်နှစ်သိမ့်ရပါကြောင်း ၊ အထူးသဖြင့် မလေးရှားနိုင်ငံစသည့် အိမ်နီးချင်း နိုင်ငံများက အစိုးရမှသည် ပြည်သူလူထုအထိ အခက်အခဲများကို လက်ကမ်းကူညီပေး ကြကြောင်း ၊ ၎င်းမှာ ဒေသတွင်းနိုင်ငံများအကြား အပြန်အလှန်ကြည့်ရှုကူညီရိုင်းပင်းကြသည့် လက်တွေ့သာဓက ပင်ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့်လည်း ပွင့်လင်းမြင်သာစွာဖြင့် မလေးရှားနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့် ရောဂါကာကွယ်ထိန်းချုပ်မှု ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားကာ ဒေသတွင်း ပြည်သူများ၏ ကျန်းမာရေးလုံခြုံမှုကို ကာကွယ်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ အင်ဒိုနီးရှားနိုင်ငံသားများနှင့်အခြားနိုင်ငံသားများကိုလည်း  မိမိနိုင်ငံသားနှင့်မခြား စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် ကလည်း မလေးရှားနိုင်ငံကိုယ်စား တရုတ်နိုင်ငံ အစိုးရနှင့်ပြည်များကို COVID-19 ရောဂါဖြစ်ပွားခြင်းအတွက် နှစ်သိမ့်စကား ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က COVID-19 ရောဂါတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံ၏ကြိုးပမ်းဆောင်ရွက်မှုနှင့် အပြုသဘောဆောင် ရလဒ်များအတွက် ကျေနပ်အားရမိကြောင်း၊ ၎င်းမှာ နိုင်ငံကြီး၏တာဝန်သိစိတ်ဖြင့် ကမ္ဘာ့ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသည် တရုတ်နိုင်ငံ၏စစ်မှန်သည့် မိတ်ဆွေမိတ်ဖက်အနေဖြင့် ဆေးကုသရေးသုံးပစ္စည်းများကို ပံ့ပိုးခဲ့ရာ ဆက်လက်၍လည်း ကူညီဆောင်ရွက်သွားလိုကြောင်း ၊ အာဆီယံနိုင်ငံများအနေဖြင့်လည်း တရုတ်နိုင်ငံနှင့်အတူ ရောဂါကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ 

သမ္မတရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံပြည်သူများက ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ပုံမှန် ပြန်လည်ဆောင်ရွက်နိုင်မည်ဟု မလေးရှားနိုင်ငံက ယုံကြည်ကြောင်း ၊ မလေးရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နိုင်ငံက ရေရှည်တွန်းအားပေး အကျိုးဆောင်ခဲ့သည့်အတွက် အထူးကျေနပ်နှစ်သိမ့်ရကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာဆောင်ရွက်သွားကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောကြားခဲ့သည်။ (Xinhua)