22
Tue, Jan
659 New Articles

နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ခံရမှု ၈၁ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ဂျပန် အရပ်ဘက်အဖွဲ့များ ကျင်းပ

နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ခံရမှု ၈၁ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် တွေ့ဆုံပွဲများသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ) Social, Education & Health

တိုကျို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၈၁  နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ အရပ်ဘက်အဖွဲ့များက အောက်မေ့ဖွယ် အခမ်းအနားများ ဂျပန်နိုင်ငံရှိမြို့များ၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

တိုကျိုမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်က နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု အောက်မေ့ဖွယ် တွေ့ဆုံပွဲတစ်ခု ပြုလုပ်ခဲ့ရာ အရပ်ဘက်အဖွဲ့များ၏ ဖိတ်ကြားချက်ဖြင့် ယင်းဖြစ်ရပ်မှ အသက်ရှင်ကျန်ရစ်သူ တစ်ဦး၏ သမီး ချန်ရှောက်မေက ၎င်း၏ဖခင်အကြောင်းကို ဝေမျှခဲ့သည်။ ထိုအစည်းအဝေးသို့ လူ ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ချန်၏ ဖခင် ချန်ချီချန့်သည် ၁၉၃၇ ခုနှစ် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွင် ဂျပန်စစ်သားများက ၎င်း၏ ဖခင်နှင့် ညီအစ်ကိုလေးဦးကို မည်သို့သတ်ဖြတ်နေသည်ကို မျက်မြင်တွေ့ခဲ့ရသည်။

အသက် ၉၀ နှစ်အရွယ်ရှိပြီဖြစ်သော ချန်ချီချန့်သည် ၎င်း၏ ဇာတ်လမ်းကို ဂျပန်နိုင်ငံသို့ လာရောက်ကာ ကိုယ်တိုင်ပြောပြခြင်းငှာ မစွမ်းသာသောကြောင့် သမီးဖြစ်သူအား စေလွှတ်လိုက်ခြင်း ဖြစ်သည်။

“ဂျပန်ပြည်သူတွေနဲ့အတူ ကျွန်မ အဖေရဲ့အကြောင်းကို ဝေမျှဖို့ ကျွန်မမှာ တာဝန်ရှိတယ်လို့ ခံစားရတယ်။ ဂျပန်ပြည်သူ မျိုးဆက်သစ်တွေအနေနဲ့ သမိုင်းကို အမှတ်ရပြီး လေ့လာသင်ယူနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ချန်ရှောက်မေက ပြောသည်။

အနောက်နိုင်ငံများမှ သတင်းစာဆရာများ၊ သာသနာပြုများနှင့် သံတမန်များ အပါအဝင် အခမ်းအနားသို့ တက်ရောက်လာသူများအား လူအစုလိုက်အပြုံလိုက်သတ်ခံရမှုမှ မျက်မြင်သက်သေများက ပြောပြထားသော သတင်းများ၊ ရုပ်ရှင်များနှင့် သမိုင်းကြောင်းဆိုင်ရာ အချက်အလက်အချို့ကို Nanjing Normal University ပါမောက္ခ ကျန်းလျန်ဟုန်က တင်ပြခဲ့သည်။

အလားတူ တွေ့ဆုံပွဲများကို ဟီရိုရှီးမား၊ အိုဆာကာ၊ နာဂိုယာနှင့် ဟာမာမတ်ဆု စသည့်မြို့များ၌လည်း ကျင်းပခဲ့သည်။

နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ခံရမှု ၈၁ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် တွေ့ဆုံပွဲများသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ခံရမှု ၈၁ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် တွေ့ဆုံပွဲများသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ခံရမှု ၈၁ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် တွေ့ဆုံပွဲများသို့ တက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

“အသက်ရှင်ကျန်ရစ်သူများနှင့် သမိုင်းကြောင်းမှတ်တမ်းတွေကို သက်သေအဖြစ် ရှိနေတဲ့ အဲဒီအချိန်က ဂျပန်စစ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက တုန်လှုပ်စရာပါပဲ” ဟု အိုဆာကာမြို့ရှိ သက်သေခံချက် တွေ့ဆုံပွဲ တက်ရောက်သော ဒေသခံတစ်ဦးဖြစ်သူ ယူဂျိတာနာကာက ပြောကြားခဲ့သည်။

“အနာဂတ်မျိုးဆက်တွေကို သမိုင်းကြောင်းမှန် လက်ဆင့်ကမ်းပေးဖို့က အရေးကြီးပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“စစ်သမိုင်းအကြောင်းကို ကျွန်တော်တို့ ပိုပြီး လေ့လာရလေ ငြိမ်းချမ်းရေးကို ပိုပြီးမြတ်နိုးလေပါပဲ။ သမိုင်းကို ပိုပြီး လေ့လာနိုင်ပါတယ်။ ပြီးတော့ နန်ကျင်းကိုသွားပြီးတော့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ သက်သေခံချက်တွေကို ပိုပြီး ကြားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု နာဂိုယာ တွေ့ဆုံပွဲသို့ တက်ရောက်သူတစ်ဦးက ဆိုသည်။

“နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ခံရမှု ဖြစ်ပျက်ခဲ့တာကို ငြင်းဆန်ဖို့ကြိုးစားနေတဲ့လူတွေ ဂျပန်မှာ ရှိနေပါသေးတယ်။ နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ခံရမှုမှာ ဆုံးရှုံးနစ်နာခဲ့သူတွေ ဂျပန်နိုင်ငံကို လာရောက်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပြောကြားဖို့ ဖိတ်ကြားခြင်းဖြင့် ဂျပန်နိုင်ငံသားတွေအတွက် သမိုင်းကြောင်းအမှန်ကို လေ့လာဖို့ အခွင့်အရေးရနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု အောက်မေ့ဖွယ် အစီအစဉ်များ ဖြစ်မြောက်ရေးစီစဉ်သူများအနက် တစ်ဦးဖြစ်သူ “နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု နှစ်ပေါင်း ၆၀ အိုဆာကာ” အရပ်ဘက်အဖွဲ့ဝင် ဆာချီကို မိုယာမာက ဆိုသည်။

အခြား အရပ်ဘက်အဖွဲ့တစ်ခုဖြစ်သော “နန်ကျင်းဖြစ်ရပ် နောက်ထပ်မဖြစ်ပေါ်ရေး နာဂိုယာအသင်း” အဖွဲ့ဝင်တစ်ဦးဖြစ်သူ Ryohei Hirayama က ဂျပန်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံအား လေ့လာသင့်ကြောင်း၊ သမိုင်းမှန်ကို လက်ခံရန်နှင့် ဒီလိုလုပ်ခြင်းဖြင့်သာ သမိုင်းမှ သင်ယူနိုင်ပြီး အနာဂတ်ကို ရင်ဆိုင်သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမှ မျိုးဆက်သစ်များက အဆိုပါ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များ၌ တိုက်ရိုက်ပါဝင်ပတ်သက်မှု မရှိသော်လည်း သမိုင်းကို အမှတ်ရဖို့ တာဝန်ရှိသည်ဟု နာဂိုယာ ပဋိပက္ခငြိမ်းချမ်းရေးအကြောင်း စဉ်းစားစို့ ဆက်ဆံရေးအဖွဲ့ဝင် နိုဘိုရူ တာခီမိုတိုက ပြောသည်။

“အကယ်၍ ဂျပန်လူမျိုးတွေအနေနဲ့ သမိုင်းကြောင်းမှန်ကို မသိခဲ့ဘူးဆိုရင် စစ်ရဲ့ အဖြစ်ဆိုးတွေက တစ်ခေါက်ထပ်ပြီး ဖြစ်လာနိုင်တယ်။ ဒါကြောင့် သမိုင်းကို လေ့လာဖို့ လူတွေကို ကျွန်တော်တို့ ပြောနေတာပါ” ဟု တာခီမိုတိုက မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ၎င်းက ဆက်၍ “သမိုင်းကို အပြည့်အဝ နားလည်မှုအပေါ် အခြေခံပြီး တရုတ်နိုင်ငံသားများနဲ့အတူ ရင်းနှီးတဲ့ချစ်ကြည်ရေးသစ်တစ်ခုကို တည်ဆောက်ဖို့ ကျွန်တော်တို့ လက်ခံပါတယ်” ဟု ဖြည့်စွက်ပြောကြားသည်။

သမိုင်းကို ပြန်ပြီးအမှတ်ရခြင်းက အမုန်းတရားကို သတိရစေဖို့မဟုတ်ဘဲ အနာဂတ် ငြိမ်းချမ်းရေးနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ဖန်တီးဖို့ ဖြစ်သည်ဟု နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ခံရမှုမှ အသက်ရှင်ကျန်ရစ်သူ၏ သမီး ချန်က ပြောသည်။

“ကျွန်မတို့က သမိုင်းကနေ လေ့လာရမှာဖြစ်ပြီး ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကာ စစ်နဲ့ဝေးရာမှ နေရမှာဖြစ်ပါတယ်။ ဒါက ကျွန်မတို့နှစ်နိုင်ငံကြားက ချစ်ကြည်ရင်းနှီးမှုဖြစ်ပြီး အနာဂတ်မျိုးဆက်တွေလည်း ကျော်ဖြတ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်း၏ အမြင်ကို ပြောသည်။

၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် ဂျပန်စစ်တပ်က နန်ကျင်းမြို့အား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ နန်ကျင်း လူအစုလိုက်အပြုံလိုက်သတ်ခံရမှု သို့မဟုတ် နန်ကျင်းမြို့ကို အဓမ္မပြုခြင်းသည် နန်ကျင်းဒေသခံများအား ဂျပန်စစ်သားများက လူအစုလိုက်အပြုံလိုက်သတ်ခဲ့ခြင်းဖြစ်သလို အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်ရပ်တစ်ခုလည်း ဖြစ်သည်။ (Xinhua)