03
Fri, Apr
554 New Articles

တရုတ်နိုင်ငံတွင် ဖြစ်ပွားသော ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ကြေညာရန် စောလွန်းကြောင်း WHO ပြော

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက်အား ဇန်နဝါရီလ ၂၃ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ) Social, Education & Health

ဂျီနီဗာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (Novel Coronavirus) ကို ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) တစ်ခုအဖြစ် ကြေညာရန် စောလွန်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၂၃ ရက်၌ ပြောကြားခဲ့သည်။

“အရေးပေါ်ကော်မတီက နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို PHEIC ဖြစ်နိုင် မဖြစ်နိုင်ကို ဇန်နဝါရီ ၂၂ ရက် က ဆွေးနွေးခဲ့ပါတယ်။ ဒါက တရုတ်နိုင်ငံမှာ ဖြစ်ပွားတဲ့ အရေးပေါ်အခြေအနေတစ်ခုပါ။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေတော့ မဟုတ်သေးပါဘူး” ဟု WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus) က အရေးပေါ်ကော်မတီ တံခါးပိတ်အစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဝူဟန်နှင့် အခြားမြို့များတွင် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုအား ထိန်းချုပ်ရန် သင့်လျော်သော ဆောင်ရွက်ချက်များကို လုပ်ဆောင်လျက်ရှိကြောင်းနှင့် ၎င်းဆောင်ရွက်မှုများအား အချိန်ကာလတစ်ခုအတွင်း ထိရောက် မြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဟု WHO က မျှော်လင့်ကြောင်း တက်ဒရော့စ်က ပြောခဲ့သည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပွင့်လင်းမြင်သာမှုအတွက် ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံက ဗိုင်းရပ်စ်ပိုးဆင့်ကဲဖြစ်စဉ်အား သီးသန့်ခွဲခြား၍ လျင်မြန်စွာ စီစဉ်မှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်းနှင့် ယင်းဗိုင်းရပ်စ်၏ မျိုးဗီဇဖြစ်စဉ်အချက်အလက်များအး WHO နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား မျှဝေခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)