တစ်ကမ္ဘာလုံး ကပ်ရောဂါနှင့် ရင်ဆိုင်နေရချိန်တွင် အမေရိကန်အနေဖြင့် ငွေကြေးထောက်ပံ့မှုသာမက ကျင့်ဝတ်ပါ ပျက်ကွက်နေ 

သမ္မတ ထရမ့်က မတ် ၁၃ ရက်တွင် အိမ်ဖြူတော်ရှေ့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် ကြေညာနေစဉ်(ဆင်ဟွာ) Social, Education & Health

ပေကျင်း၊ မတ် ၁၈ ရက်(ဆင်ဟွာ) 

နိုင်ငံတကာ အသိုက်အဝန်းက COVID-19 ရောဂါတိုက်ဖျက်ရေးကို အားလုံးအတူတကွ ဆောင်ရွက်နေကြသည့် အရေးကြီးအချိန်အခါတွင် အမေရိကန်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အဖွဲ့ဝင်ကြေးကို ပေးရန် အချိန်ဆွဲ ဆက်လက် ပျက်ကွက်နေသလို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး စီမံကိန်းအတွက် ငွေကြေးသုံးစွဲမှုကိုလည်း များစွာလျှော့ျချရန် စီစဉ်လျက်ရှိရာ နိုင်ငံတကာက အံဩမင်သက် မကျေနပ်ဖြစ်ခဲ့ကြသည်။ စူပါအင်အားကြီးနိုင်ငံ၏ ဤပြုမူပုံသည်  အဖွဲ့ဝင်ကြေးပေးအပ်ရန်ပျက်ကွက်သည်သာမဟုတ် နိုင်ငံတကာ ကျင့်ဝတ်နှင့် နိုင်ငံကြီးတစ်နိုင်ငံ ၏ထမ်းဆောင်ရမည့်တာဝန်ကို ပျက်ကွက်ခြင်းပင် ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝက်ဘ်ဆိုက်၏ ဖော်ပြချက်များအရ ယခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်အထိ အမေရိကန်သည် ၂၀၁၉ ခုနှစ်၏ အဖွဲ့ဝင်ကြေး တစ်ဝက်ခန့်အကြွေးကျန်နေသေးပြီး ၂၀၂၀ ပြည့်နှစ် အတွက်လည်း အမေရိကန် ဒေါ်လာ သန်း ၁၂၀ အား လုံးဝမပေးသေးကြောင်း သိရသည်။ ပြီးခဲ့သောရက်များတွင် အိမ်ဖြူတော်က အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ တင်သွင်းသည့် ၂၀၂၁ ခုနှစ် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ အစီရင်ခံစာအရ လာမည့်နှစ်တွင် WHOအား ငွေကြေးထောက်ပံ့မှု လျာထားချက်သည် အမေရိကန်ဒေါ်လာ ၅၈ သန်းသာ ရှိရာ အကြွေးကျန်ဆက်ထားမည့် အနေအထားရှိ နေပေသည်။

လက်ရှိတွင် COVID-19 ရောဂါသည် တစ်ကမ္ဘာလုံးနေရာအနှံ့ ဖြစ်ပွားလျက်ရှိရာ တရုတ်နိုင်ငံ ပြင်ပရှိ အတည်ပြုလူနာ အရေအတွက်သည် တရုတ်နိုင်ငံထက် ကျော်လွန်နေပြီဖြစ်သည်။ ယခုကဲ့သို့ အရေးကြီးအချိန်အခါတွင် နိုင်ငံတကာ လက်တွဲ ပူးပေါင်း ရောဂါကာကွယ်ထိန်းချုပ်မှု၏ လိုအပ်ချက် သည် နောက်ထပ်တစ်ဆင့် တိုးမြှင့်ရန်နှင့် WHOကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ ကျန်းမာရေး လုံခြုံမှု ပူးပေါင်းဆောင်ရွက်သည့် ပလက်ဖောင်းအဖြစ် မောင်းတင် ဆောင်ရွက်ရန်မှာ အထူးပင် အရေးကြီး လှသည်။

စောင့်ရှောက်ကြည့်ရှုသူအနေဖြင့် WHO သည် သိပံ္ပနည်းကျ ထဲထဲဝင်ဝင် လေ့လာစမ်းစစ်သုံးသပ်ကာ တစ်ကမ္ဘာလုံးအတွက် ကပ်ရောဂါအခြေအနေနှင့်ပတ်သတ်သော နောက်ဆုံး သတင်းအချက်အလက် များနှင့် ကြိုတင်သတိပေးချက်များ ထုတ်ပြန်နိုင်ခဲ့သည်။ ဆွေးနွေးညှိနှိုင်းသူအနေဖြင့် WHOသည် တစ်ကမ္ဘာလုံး၏ သိပံ္ပသုတေသန အင်အားစုများကို စုစည်းကာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ဦးစားပေး သုတေသနကဏ္ဍများကို အတည်ပြုခဲ့သည်။ တွန်းအားပေးဆောင်ရွက်သူအနေဖြင့် WHOသည် ကပ်ရောဂါ ကာကွယ်မှုအားနည်းသည့် နိုင်ငံများအတွက် ရောဂါစမ်းသပ်ပစ္စည်းများနှင့် ကာကွယ်ရေး ပစ္စည်းများကို ထောက်ပံ့ပေးနိုင်သလို ဒေသခံ ကျန်းမာရေး ဝန်ထမ်းများအတွက် ပညာပေးလေ့ကျင့်ရေးသင်တန်းများ ဆောင်ရွက်ကာ ဆေးကုသမှုစွမ်းရည်ကို မြှင့်တင်ပေးခဲ့သည်။ ထိုသို့သော WHO၏ ကြိုးပမ်းဆောင်ရွက်မှုများသည် ယခု ကပ်ရောဂါတိုက်ဖျက်ရေးကို လုပ်ဆောင် ရာတွင် နိုင်ငံတကာ အသိုက်အဝန်း၏ ချီးကျူးအသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။ 

ရောဂါကပ်ဘေးမျက်မှောက်ရှေ့တွင် အမေရိကန်၏ ပြုမူပုံက WHO၏ဆောက်ရွက်မှု လုပ်ငန်းစဉ်များကို အားဖြည့်မပေး၊ လျှော့ချပေးသလိုဖြစ်နေရာ ကမ္ဘာလုံးဆို်ငရာ ကပ်ရောဂါ တိုက်ဖျက်ရေးအတူကြိုးပမ်းဆောင်ရွက်မှုအတွက်လည်း ထိခိုက်စေပေသည်။ အမေရိကန်၏ပြုမူပုံသည် သဘောတူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်။ WHOသည် ၎င်း၏ အဓိက မတည်ငွေဖြစ်သည့်အဖွဲ့ဝင်ကြေးကို  အဖွဲ့ဝင်နိုင်ငံများ၏ ချမ်းသာကြွယ်ဝမှုနှင့် လူဦးရေအနေအထားအရ ပေးသွင်းသင့်သည့် ပမာဏကို သတ်မှတ်ထားရာ  အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အမေရိကန်အနေဖြင့် WHO၏ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေများကို လေးစားလိုက်နာသင့်ပြီး သတ်မှတ်ကာလ သတ်မှတ်ပမာဏအတိုင်းပေးသွင်းကာ နိုင်ငံတကာတာဝန်ဝတ္တရားကို ထမ်းဆောင် သင့်သည်။သို့သော်လည်း လက်တွေ့တွင် အမေရိကန်၏ အကြွေးထားပြန်မပေးသည့် လုပ်ရပ်က အရင်အစောပိုင်းကတည်းကရှိခဲ့ရာ  ကုလသမဂ္ဂအဖွဲ့ဝင်ကြေးကိုလည်း ကာလကြာရှည် မပေးသွင်းသည်မှာ အမေရိကန်ဒေါ်လာ သန်း တစ်ထောင်ကျော် ရှိပြီဖြစ်သည်။

အမေရိကန်၏ပြုမူပုံသည် နိုင်ငံတကာကျင့်ဝတ်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ကမ္ဘာ့ကပ်ရောဂါ ကျရောက်ချိန်တွင်  နိုင်ငံအသီးသီးက အပြန်အလှန်ဖေးမကူညီရိုင်းပင်းကာ တစ်ကမ္ဘာလုံး တစည်းတလုံးတည်း ရောဂါတိုက်ဖျက်ရမည်ဖြစ်သည်။ WHOစသည့် အဖွဲ့အစည်းများက မတ် ၁၃ ရက်တွင် COVID-19 စည်းလုံးညီညွတ်စွာ တိုက်ဖျက်ရေး ရန်ပုံငွေကို စတင်ခဲ့ပြီး လူပုဂ္ဂိုလ်တစ်သီးပုဂ္ဂလနှင့်အဖွဲ့အစည်းများ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အကျိုးဆောင်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ရာ နိုင်ငံတကာ အသိုက်အဝန်းကလည်း အသီးသီး ပါဝင်ခဲ့ကြသည်။ တရုတ်နိုင်ငံအစိုးရကလည်း ထိုမတိုင်မီတွင် ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် WHOထံသို့ အမေရိကန်ဒေါ်လာ သန်း ၂၀ လှူဒါန်းခဲ့သည်။

အမေရိကန်သည် နိုင်ငံအသိုက်အဝန်း၏အရေးကြီးသည် အဖွဲ့ဝင်ဖြစ်ရာ ပြည်သူ့ကျန်းမာရေး လုံခြုံမှု စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် နိုင်ငံကြီး၏တာဝန်ကို ထမ်းဆောင်သင့် သော်လည်း လက်တွေ့တွင် ထိုသို့ မဟုတ်သည်ကို တွေ့ရှိရသည်။ အကျိုးအမြတ်နှင့်သက်ဆိုင်လာပါက နေရာတကာ အမေရိကဦးစားပေး ဆောင်ရွက်နေပြီး တာဝန်ဝတ္တရားနှင့်သဘောတူညီချက်ကတိစကားများကို ဆက်တိုက်ဆိုသလို ချိုးဖောက်နေခဲ့ရာ ၂၀၁၇ ခုနှစ်မှစ၍ အမေရိကန်သည် ကုလသမဂ္ဂ ယူနက်စကို၊ လူ့အခွင့်အရေး ကောင်စီ ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက် ၊ အီရန် နျူကလီးယားသဘောတူညီချက်၊ INF သဘောတူညီချက် စသည်တို့မှ နုတ်ထွက်ခဲ့သည်။ ၎င်း၏ တစ်ဖက်သတ်ကိုယ်ကျိုးရှာဝါဒနှင့် အမေရိက ဦးစားပေး မူဝါဒ များကို နိုင်ငံတကာ အသိုက်အဝန်းက ပြင်းထန်စွာ ထိုးနှက်ခဲ့ကြသလို အမေရိကန်နိုင်ငံအတွင်းတွင်လည်း အငြင်းပွားမှုဖြစ်ပွားလျက်ရှိသည်။ 

ရောဂါပိုးမွှားသည် နိုင်ငံဒေသမခြားဖြစ်ပွားနိုင်ရာ ကပ်ရောဂါဆိုက်ရောက်သည့်အခါ မည်သည့်နိုင်ငံကမျှ တစ်နိုင်ငံတစ်ကိုယ်ကောင်း နေထိုင်၍မရနိုင်၊ စည်းလုံးညီညွတ်မှသာ ကမ္ဘာ့ ကပ်ရောဂါကြီးကို တိုက်ဖျက်နိုင်မည်ဖြစ်သည်။ အမေရိကန်နိုင်ငံသည် WHOနှင့် ကမ္ဘာ့ ကျန်းမာရေးလုပ်ငန်းများအပေါ် ထောက်ခံအားပေးမှု လျှော့ချပစ်ခြင်းသည် လက်ရှိ နိုင်ငံအသိုက်အဝန်း စုပေါင်းအင်အား ပင်မရေစီးကြောင်းနှင့် ဆန့်ကျင်လုပ်ဆောင်ခြင်းဖြစ်ရာ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အကျိုးမပြုနိုင်သလို မိမိ၏လုံခြုံရေးအကျိုးအမြတ်နှင့်လည်း ကိုက်ညီမှုမရှိဘဲ နိုင်ငံ၏ဂုဏ်သတင်းကို ပျက်ပြားစေသည်။ အမေရိကန်နိုင်ငံ ထုတ် Foreign Affairs မဂ္ဂဇင်းတွင် ယခင်ရက်က ရေးသားသကဲ့သို့ပင် သံတမန်ဆက်ဆံရေး၌ ကတိသစ္စာယုံကြည်မှုက လိုအပ်ပြီး အကြပ်အတည်းကာလတွင် အထူးသဖြင့် ထိုယုံကြည်မှုသည် ပို၍ လိုအပ်ပေသည်။ (Xinhua)