Connect with us

MYANMAR

OVID-19 ကြောင့် လျော့ကျသွားသည့် ပြည်တွင်းအလုပ်အကိုင် ရရှိမှုများ ပြန်လည်ကောင်းမွန်လာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ခွဲစိတ်ခန်းသုံးဝတ်စုံများအား အထည်ချုပ် စက်ရုံ တစ်ခုမှ အလုပ်သမားများက ချုပ်လုပ်နေမှုအား မေလအတွင်းက တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ဖြစ်ပွားခဲ့သော ဧပြီလ နှင့် မေလတို့တွင် လျော့ကျသွားခဲ့သည့် ပြည်တွင်းအလုပ်အကိုင် ရရှိမှုများ ပြန်လည်ကောင်းမွန်လာရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ဝန်ကြီးဌာနက ချိတ်ဆက်ပေးတာ ဖြစ်တဲ့ အတွက် နိုင်ငံတော်က ခွင့်ပြုထားတဲ့ အလုပ်ရှင်တွေရဲ့ အလုပ်သမား လိုအပ်မှုတွေ ၊ ဝန်ကြီးဌာနကို လာပြီး အလုပ်လုပ်ကိုင်ဖို့ မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေ ဒါတွေကို ချိတ်ဆက်ပေးတယ်။အဲဒါတွေကို ဒီအချိန်မှာ တတ်နိုင်တဲ့နည်းလမ်းနဲ့ ချိတ်ဆက်ပေးနေပါတယ်။ ပြည်တွင်း အလုပ်အကိုင် ရရှိမှုတွေ ပိုကောင်းဖို့ ကြိုးစားပေးနေပါတယ်။”ဟု အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောကြားခဲ့သည်။ 

ပြည်တွင်းအလုပ်အကိုင်များ ရရှိမှုအခြေအနေမှာ ဧပြီလတွင် ပြည်တွင်း အလုပ်နေရာ ၉,၃၀၀ ကျော် နှင့် မေလတွင် ၆,၈၀၀ ကျော်တို့ ခန့်ထားနိုင်ပြီး ယခုနှစ်အတွင်း ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလတို့နှင့် နှိုင်းယှဉ်ပါက လျော့ကျသွားခဲ့ကာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါကလည်း လျော့ကျနေကြောင်း သိရသည်။

ထိုသို့ ပြည်တွင်း အလုပ်အကိုင် ရရှိမှု အခြေအနေများ လျော့ကျမှုမှာ ကမ္ဘာတစ်ဝန်း ရိုက်ခတ်မှု ဖြစ်ပေါ်ခဲ့သော COVID-19 ကြောင့် ဖြစ်ကြောင်း အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ထည့်သွင်း ပြောကြားခဲ့သည်။ 

ယခုနှစ်အတွင်း အလုပ်လက်မဲ့ ဖြစ်ပွားမှုနှုန်းမှာ COVID-19 ဖြစ်ပွားသည့် ကာလအတွင်း ပိုများလာခဲ့ပြီး  စက်ရုံ ၊ အလုပ်ရုံ နှင့် အလုပ်ဌာနတို့မှ စုစုပေါင်း အလုပ်လက်မဲ့ ဦးရေ ၁၇,၀၀၀ ဝန်းကျင် ရှိခဲ့ကြောင်း သိရသည်။ 

အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်လုပ်ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွား စေရေးအတွက်ရည်ရွယ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး အတွက် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်းနှင့် ပြည်တွင်းအလုပ်အကိုင်များ ရှာဖွေပေးခြင်းတို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း အလုပ်အကိုင် ရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးခဲ့ပြီး သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိစေရေးနှင့် အလုပ်ရှင်များအတွက်လည်း အလုပ်သမားလုံလောက်စွာ ခန့်အပ်ထားရှိရန် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် Labour Exchange Management System ဖြင့် အွန်လိုင်းမှဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)