23
Tue, Oct
710 New Articles

ကရင်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်ကို လာမည့်သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပမည်

ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးအားတွေ့ရစဉ် (ဓာတ်ပုံ--YRG) Culture & Entertainment

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲတော်ကို လာမည့်သြဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲတော် ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နံနက်၁၀နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပခဲ့ရာ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက အမှာစကားပြောကြားခဲ့သည်။

ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက “ကျွန်မတို့ရဲ့ ရိုးရာယဉ်ကျေးမှုပွဲကို ဂုဏ်ပြုမယ့်ပွဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ တခြားသော တိုင်းရင်းသားတွေပါ ကိုယ့်ရဲ့ယဉ်ကျေးမှုကို သိမယ့်ပွဲ တစ်ပွဲဖြစ်တဲ့အတွက် တော်တော်လေး အရေးကြီးပါတယ်။ ကျွန်မတို့ရန်ကုန်တိုင်းအတွင်းမှာ ကရင်လူမျိုးတွေဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ကြတာတွေရှိပါတယ်။ စာပေယဉ်ကျေးမှုဆောင်ရွက်သလို စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်မယ်လို့ ကျွန်မခဏခဏပြောတာတွေ ရှိပါတယ်။ ’’ဟု ၀န်ကြီးက ပြောသည်။

အစည်းအဝေးတွင် တက်ရောက်လာသော ကရင်တိုင်းရင်းသားလူမျိုးများက ကရင်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်အခမ်းအနားအတွက် ပြင်ဆင်နေမှုများကို အသီးသီးဆွေးနွေး တင်ပြခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)