FDA ရက်ချိန်း ရယူမှုကို အွန်လိုင်းစနစ်ဖြင့် စတင်ကျင့်သုံးမည်

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ) Education & Health

နေပြည်တော်၊ ဇန်န၀ါရီ ၁၁ ရက်(ဆင်ဟွာ)

အစားအစာ၊ ဆေးဝါးနှင့် အလှကုန်လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ထောက်ခံချက်ရယူဖို့  ရက်ချိန်းရယူမှုများ မြန်ဆန် လွယ်ကူ စေရန် Online Booking Systemနှင့် Security Certificate Issuing Management System တို့ ကို စတင် ကျင့်သုံးသွားမည် ဖြစ် ကြောင်း၊ ထိုစနစ်များကို အလွယ်ဆုံး သုံးစွဲနိုင်ဖို့  သက်ဆိုင်သူ အား လုံးက ပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့  ပြောကြားခဲ့သည်။

“FDA ရဲ့ လုပ်ငန်းတွေ ကြန့် ကြာနေရင် လုပ်ငန်းရှင်တွေ အတွက်ရော Disease Control လုပ်ငန်းတွေ အတွက်ပါ အများကြီး နစ်နာပါတယ်၊  ဒီလို မဖြစ်ရအောင် အခု online booking system ကို ပထမ ခြေလှမ်းအနေနဲ့ စပြီး မိတ်ဆက်တာဖြစ်ပါတယ်၊ ဒီနှစ်ကို Year of Informatics လုပ်သွားပါမယ်၊ နောက်ပိုင်းမှာ electronic system တွေနဲ့  ဆက်လုပ်သွားပါမယ်၊ online booking system ကို နောက်ပိုင်းမှာ လိုအပ်သလို modified လုပ်မယ်၊ developed ဖြစ်အောင် ဆက်လုပ်သွားပါမယ်၊ ကုမ္ပဏီများအနေနဲ့ လည်း ဒီစနစ်ကို အလွယ်ဆုံး သုံးစွဲနိုင်အောင် ပူးပေါင်း ဆောင်ရွက်ကြစေလို ပါတယ်” ဟု နေပြည်တော်၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ တွင် ယနေ့  နံနက် ပြုလုပ်သော Online Booking Systemနှင့် Security Certificate Issuing Management System မိတ်ဆက် အခမ်းအနား၌ ၎င်းက ပြောခဲ့သည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

Online Booking Systemနှင့် Security Certificate Issuing Management System မိတ်ဆက် အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ဇော်ကလည်း  “အွန်လိုင်း ရက်ချိန်း ရယူမှုစနစ်ကို ဆေးပစ္စည်း၊ လူသုံးကုန်၊ အလှကုန် ဌာနခွဲများတွင် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့ မှာ ပထမအဆင့် အဖြစ် စတင် ကျင့်သုံးသွားပါမယ်၊ ဆေးပစ္စည်းတွေ လက်ခံရာမှာ တစ်ရက်ကို ကုန်ပစ္စည်း အရေအတွက် ၁၀၀၊ အလှကုန်တွေကို တစ်နေ့  ၇၀ လက်ခံ သွာါးမယ်၊ ဒီလိုလက်ခံရာမှာ ပြည်သူ့  ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေးကြီးတဲ့ ဆေးပစ္စည်းတွေ မပြတ်လပ်စေဖို့  အထူးအရေးပေး စိစစ်ဆောင်ရွက်သွားပါမယ်” ဟု ပြောခဲ့သည်။ Security Certificate Issuing Management System ကို အစားအသောက်ဌာနခွဲ၊ ဆေးပစ္စည်း၊ လူသုံးကုန် အလှကုန် ဌာနခွဲတို့ တွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မှစ၍ စတင် ကျင့်သုံးမည် ဖြစ်ကြောင်းလည်း ညွှန်ကြား ရေးမှူးချုပ်က ပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့  စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အသေးစား စက်မှု လုပ်ငန်း ဦးစီးဌာန စသည့် မိတ်ဖက်အဖွဲ့ အစည်းများ၊ ဆက်စပ် အဖွဲ့အစည်းများသာမက ဆေးဝါး ကုမ္ပဏီ၊ အလှကုန် လူသုံးကုန် ကုမ္ပဏီများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။(Xinhua)