23
Wed, Jan
660 New Articles

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ကိုကိုးကျွန်းမြို့သည် ဆိုင်ကလုန်းမုန်တိုင်းပါဘက် ၏ သက်ရောက် မှုအန္တရာယ်ကိုခံစားရနိုင်ကြောင်း မိုးဇလထုတ်ပြန်

ဆိုင်ကလုန်းမုန်တိုင်း ၏ ဦးတည်ရာလမ်းကြောင်းပြမိုးဇလခန့်မှန်းချက်မြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဆိုင်ကလုန်းမုန်တိုင်း ပါဘက်(Pabuk)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သော်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ  ကိုကိုးကျွန်းမြို့ သည် ဆိုင်ကလုန်းမုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်သဖြင့် ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက် မှုအန္တရာယ်ကို ခံစားရနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ် ပြင်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ပါဘက်(Pabuk)သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် မိုင်(၁၇၀) ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyikyun)၏ တောင်-အနောက်တောင်ဘက် မိုင်(၂၉၀) ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယားမြို့(Port Blair)၏ အရှေ့တောင်ဘက် (၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ပါဘက်"(Pabuk)သည် မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန်တွင် မြောက်လတ္တီကျု (၁၁.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၃.၀)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်း ဖြစ်ကြောင်း မိုးဇလ မှ သတင်းထုတ်ပြန်ခဲ့သည်။  (Xinhua)