ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် သင်္ဘောနစ်မြုပ်မှုဖြစ်ပွား၊ ပျောက်ဆုံးသူများအား ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်

သင်္ဘောနစ်မြုပ်မှုအား ကယ်ဆယ်ရန် မာန်အောင်မြို့နယ်မီးသတ်စခန်းမှ သွားရောက်ရန် ပြင်ဆင်နေမှုအားတွေ့ရစဉ်(ရခိုင်မီးသတ်တပ်ဖွဲ့) Environment, Disasters & Accidents

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ကျောက်ဖြူခရိုင်၊မာန်အောင်မြို့၊ဇီးတောကမ်းခြေနှင့် (၄)မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြုပြင်ရန်လာရောက်သည့် သင်္ဘောသည် ယနေ့ နံနက် ၄နာရီခွဲခန့်က နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး သင်္ဘောနစ်မြုပ်မှုကြောင့် ပျောက်ဆုံးသူများအား ရှာဖွေကယ်ဆယ်ရေးများဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။

“ သင်္ဘောပေါ်မှာ ၂၅ဦးလောက်ပါမယ်၊ ၁၀ဦးကျော် ပျောက်နေတုန်း၊ ကျွန်တော်တို့ နစ်မြုပ်တဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေး လုပ်နေပါတယ်”ဟု ၎င်းကဆိုသည်။

လက်ဖက်ကျွန်းမီးပြတိုက်သို့ ဖေဖော်ဝါရီ ၈ ရက်က မီးပြတိုက် ပြုပြင်ရန် ရောက်ရှိနေသော အဆိုပါ "ဆင်ပြောင်”အမည်ရှိ သဘောၤသည် ကမ်းတွင် ကျောက်ချထားရာမှ သင်္ဘောတစ်ခြမ်းစောင်းပြီး နစ်မြုပ်သွားကြောင်း၊ သင်္ဘောနစ်နစ်ချင်း လူ(၇)ဦး အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်တွေ့ရှိပြီး အလောင်း ၂လောင်း ရှာဖွေတွေ့ရှိထားကြောင်း ၊ ကျန် ပျောက်ဆုံးသူများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သင်္ဘောနစ်မြုပ်မှုတွင် ပါဝင်သူတစ်ဦး၏ သားဖြစ်သူက ဆင်ဟွာသတင်းဌာနသို့ ပြောသည်။

“ သင်္ဘောက ၃မိနစ်တွင်း တစ်ခြမ်းစောင်းပြီး နစ်သွားတယ်၊ ကျွန်တော်အဖေကိုတော့ ခုထိ ရှာမတွေ့သေးဘူး၊ ဆက်ရှာနေတယ်ပြောတယ်”ဟု ၎င်းက ဆိုသည်။(Xinhua)