ကချင်ပြည်နယ်၊ ဖားကန့်မြို့၏ အနောက်ဘက် (၂၂) မိုင်ခန့် အကွာတွင်လှုပ်ရှားခဲ့သည့် ငလျင်ကြောင့်ပျက်စီးမှုမရှိနိုင်ကြောင်း ငလျင်ဌာန မှ တာဝန်ရှိသူတစ်ဦးကပြောကြား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့၏ အနောက်ဘက် (၂၂) မိုင်ခန့် အကွာ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော ငလျင်တစ်ခု ဇွန်လ (၂၁)ရက် ည ၁၁ နာရီ ၁၂ မိနစ် တွင် လှုပ်ရှားခဲ့ပြီး အဆိုပါ ငလျင်က လူနေထူထပ်သည့်နေရာတွင် လှုပ်ရှားခဲ့ခြင်း မဟုတ်သည့်အတွက် ငလျင်လှုပ်ရှားမှုကို ခံစားသိရှိသူမရှိနိုင်သကဲ့သို့ ပျက်စီးဆုံးရှုံးမှုလည်း မရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာန ခွဲမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ယနေ့ပြောကြားခဲ့သည်။

“ဖားကန့်မြို့နဲ့ ၂၂ မိုင် အကွာမှာ တောင်တန်းတွေ ပဲ ရှိတယ်။ လူနေအိမ်ခြေမရှိဘူး။ ငလျင်အနက်ကလည်း (၆၀) ကီလိုမီတာ ဆိုတော့ အနက်မတိမ်ဘူး။ ဒါကြောင့်လှုပ်တဲ့ နေရာမှာလည်း လူတွေက ငလျင်လှုပ်ရှားမှု ကို မသိနိုင်လောက်ဘူး’’ ဟု ထိုတာဝန်ရှိသူကပြောသည်။ 

၎င်းငလျင် သည် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် (၉၅) မိုင်ခန့် ကွာဝေးသော မြောက်လတ္တီတွဒ် (၂၅.၆၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၆)ဒီဂရီ တွင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။  (Xinhua)