လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်နိုင်

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်း‌ခြေတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးချက်ထုတ်ပြန်သည်။

မိုးသက်လေပြင်းကျစဉ် လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ကြောင်း သိရသည်။ 

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလ က အကြံပြုချက် ထုတ်ပြန်ခဲ့သည်။  (Xinhua)