23
Sun, Sep
677 New Articles

လယ်ယာမြေ ဥပဒေနည်းလမ်းအရ မဟုတ်သော လုပ်ငန်းဆောင်ရွက်မှုများကို စိစစ်ပြီး လယ်ယာမြေဥပဒေ အရ အရေးယူဆောင်ရွက်နိုင်ရန် ညွှန်ကြားသွားမည်ဟုဆို

/mm/2018/02/22v1.jpg Politics, Law & Military

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း လယ်ယာမြေ ဥပဒေနည်းလမ်းအရ မဟုတ်သော လုပ်ငန်းဆောင်ရွက်မှုများကို စိစစ်ပြီး လယ်ယာမြေဥပဒေ ပုဒ်မ ၁၉နှင့်၂၀တို့ အရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေးအတွက် ညွှန်ကြားသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောစွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောကြားခဲ့သည်။ 

ဒုတိယအကြိမ်၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေး (သတ္တမနေ့) အစီအစဉ်ကို ဖေဖော်ဝါရီ ၂၂ ရက်၊ နံနက် ၁၀ နာရီအချိန်တွင်ကျင်းပခဲ့ပြီးယင်းအစည်းအဝေး၌ လှည်းကူးမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၁)၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းက လှည်းကူးမြို့နယ်ရှိ တချို့ကျေးရွာများတွင် အခြားနည်းသုံးစွဲခွင့်မရှိဘဲ လယ်ယာမြေများတွင် ငါးကန်များတူးဖော်ခြင်း၊ အုတ်ဖုတ်ခြင်းများပြုနေပြီး ထိုကဲ့သို့ ဒီလိုအုတ်ဖုတ် ခြင်းကြောင့် အဆမတန်အုတ်ကားများ၊မြေကြီးကားများကြောင့် အများပြည်သူ သုံးစွဲနေသည့် လမ်းတံတားများမှာ  ပျက်စီးခြင်းများကို ဖြစ်ပေါ်စေကြောင်း၊ ဥပဒေအရခွင့်ပြုချက်ရှိသည်တို့ကို တစ်စုံတစ်ရာရရှိခြင်းမရှိဘဲ ဆောင်ရွက်နေသည်ကို တွေ့ရှိနေရပါသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အရေးယူဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ ကို သိရှိလိုပါကြောင်း မေးခွန်းအား ဝန်ကြီး ဦးဟန်ထွန်းမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ လယ်မြေပေါ်မှာ တရားမဝင်အသုံးပြုမှုများ ရှိနေတဲ့အတွက် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဆင့်ဆင့်မှ ကွင်းဆင်းစိစစ်မှုများနှင့် လယ်ယာမြေဥပဒေ ပုဒ်မ ၁၂ပါ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်မှု မရှိသည့်အတွက် တရားဝင်တားမြစ်မှုများဆောင်ရွက်လျှက်ရှိပြီး အဆိုပါကျူးလွန် အသုံးပြုသူများ အနက် လယ်ယာမြေဥပဒေ ပုဒ်မ ၂၀ အရ အရှေ့ကျေးရွာအုပ်စု ကွင်းအမှတ် ၉၉၉ ဦးပိုင်အမှတ် ၂၇/ခ၊၂၈ ဧရိယာ၈.၅ဧကပေါ်ရှိ လုပ်ငန်းဆောင်ရွက်မှုနှင့် ကျွန်းကလေးကျေးရွာ ကွင်းအမှတ် ၁၀၄၃ ဦးပိုင်အမှတ် ၆/င ၇/က ၈/ဃ ဧရိယာအားဖြင့် ၃၅.၅၄ ဧကရှိလူနေအိမ်များ ဆောက်လုပ်လျက်ရှိသော လုပ်ငန်းနှစ်ခုတို့ကို ၂၀၁၂ လယ်ယာမြေ ဥပဒေနှင့်အညီ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အနေဖြင့် လှည်းကူးမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားပြီးဖြစ်ပါတယ်။ သို့ပါ၍ လယ်ယာမြေ ဥပဒေနည်းလမ်းအရ မဟုတ်သော လုပ်ငန်းဆောင်ရွက်မှုများကို စိစစ်ပြီး လယ်ယာမြေဥပဒေ ပုဒ်မ ၁၉နှင့်၂၀တို့ အရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေးအတွက်ကိုလည်း ညွှန်ကြားသွားမည် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။”ဟု ၀န်ကြီိးက ပြန်လည်ဖြေကြားခဲ့သည်။

လှည်းကူးမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း( ၄၄)ခုရှိပြီး ကွင်းပေါင်း (၈၅) ခု၊ ဦးပိုင်ပေါင်း (၃၇၁) ခုရှိကာ မြေနေရာအားဖြင့် ၁၅၃၂.၇ ဧကရှိကြောင်းသိရသည်။  (Xinhua)