ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁,၂၈၇.၀၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သိမ်းဆည်းရမိသည့်မူးယစ်ဆေးဝါးများ နှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန) Politics, Law & Military

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၁,၂၈၇ .၀၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ မေလ ၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မေ ၄ ရက်နေ့ ၀၁း၃၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု (၁၇)မန္တလေး (မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ ခရီးသည်တင် မှန်လုံမော်တော်ယာဉ်ကိုရှာဖွေရာ ခရီးသည် ဒေါ်နွဲ့(ခ)ဒေါ်ဝင်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ ပြား၊ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူး သွပ်ဆေးပြား ၂,၀၀၀ ပြား၊ ဘိန်းဖြူ ၉ ဂရမ် နှင့် လက်ကိုင်ဖုန်း တစ်လုံး၊ လက်ဆွဲခြင်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား နှင့် ဘိန်းဖြူ ဆပ်ပြာခွက် ၁၄ ခွက် (ဘိန်းဖြူ အလေးချိန် ၁၈၂ ဂရမ်)၊ ဆာလာအိတ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ ပြားနှင့် ဘိန်းဖြူ ၁ ဒသမ ၅ ဂရမ် ၊ (စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၃,၀၄၆ ပြားနှင့် ဘိန်းဖြူ ၁၉၂ ဒသမ ၅ ဂရမ်)တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဒေါ်နွဲ့(ခ)ဒေါ်ဝင်း (၆၂)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)