11
Wed, Dec
495 New Articles

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ- နိုင်ငံတော်၏အတိုင်ပင်ခံရုံး) Politics, Law & Military

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၁၈)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ရခိုင်ပြည်နယ် အခြေအနေနှင့် နိုင်ငံတကာအခြေအနေ ပြောင်းလဲမှုများ ရှိလာခဲ့သော်လည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပုံမှန်တိုးတက်မှုများ ရှိနေကြောင်း၊ နေရပ်စွန့်ခွါသွားသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာ ချထားရေးတို့ကို ဆောင်ရွက်ရာတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်များကို အခြေခံ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ဖြစ်ကြောင်း ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း စသည်အားဖြင့် ဆက်စပ် ဆောင်ရွက်ရမည့် ကိစ္စရပ်များလည်း ရှိလာခဲ့ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် မူလမျှော်မှန်းချက်များ အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အခြေအနေအရ ဖြစ်ပေါ်လာသည့် လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည် စိစစ်ပြီး ဦးစားပေးခွဲခြားကာ ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ ပဋိပက္ခများ ရေရှည်ကင်းဝေးစေမည့် ဖြေရှင်းချက် ဖြစ်သဖြင့် ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို ပိုမို၍ကြိုးပမ်းအားထုတ် လုပ်ကိုင်ကြရန် လိုအပ်ကြောင်း၊ ပြန်လည်ထူထောင် တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးစစ် ဆေးမှုများကို အလေးထားဆောင်ရွက်သွားရန် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ၊ နိုင်ငံသား စိစစ်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒေသတွင်း ပြန်လည်နေရာ ချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကော်မတီ၏ လုပ်ငန်းများနှင့် UEHRD လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍လည်းကောင်း လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။(Xinhua)