26
Sun, May
582 New Articles

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးစဉ်(MOI) Politics, Law & Military

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများသည် ဒီဇင်ဘာ ၄ ရက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ၊ ရုံးအမှတ် (၂၃)၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံစဉ် အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတကာနှင့် ပြည်တွင်းပညာရှင်များပါဝင်၍ အကောင်းဆုံး ဆောင်ရွက်နေသည့်အတွက် တိုးတက်မှုများရှိပါကြောင်း၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်စွာ ဆောင်ရွက်ရန်၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သက်ဆိုင်ရာ ၀န်ထမ်းများအား အသိပေးခြင်း၊ အရေးယူခြင်းများကိုလည်း ဆောင်ရွက် လျက်ရှိပါ ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောကြားသည်။

 

အခြေခံအကြောင်းအရာများဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်နှင့် လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်တို့ကို နိုင်ငံတော်၏ တည်ဆဲဥပဒေများနှင့်အညီ ခွဲခြားဆက်ဆံမှုမရှိဘဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အချုပ်အခြာ နိုင်ငံတိုင်းတွင် ထုတ်ပြန် ထားသောဥပဒေများ၊ နည်းဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးရန်လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လက်ရှိချိန်ထိ NVC ကတ်များအားစုစုပေါင်းလူဦးရေ ၁၃,၂၁၅ ဦးထုတ်ပေးပြီး ၎င်းတို့အနက် နိုင်ငံသား ၂၇၅ ဦး၊ ပြုနိုင်ငံသား ၄၄၁ ဦးနှင့် ၄င်းတို့၏ကလေးများ ၅၇၆ ဦးအား ပြုနိုင်ငံအဖြစ် တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ၎င်းကဆိုသည်။

 

နေရပ်စွန့်ခွာသူများ အနေဖြင့် ၄င်းတို့၏အနာဂတ်အတွက် National Verification Process မှ တဆင့်ဆောင်ရွက်နိုင်ရေး တိုက်တွန်း လိုကြောင်း၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်မှာလည်း အထောက်အထား တစ်ခုခုပါရှိပါက သွားလာနိုင်ကြောင်း၊ လူ့အသိုင်းအ၀န်း နှစ်ခုအကြား လူမှုသဟဇာတ မျှတရေး အတွက်လည်း စကားဝိုင်းဆွေးနွေးမှုများ၊ အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေး စင်တာများမှ တစ်ဆင့် ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောသည်။

 

ရှိရင်းစွဲ IDP စခန်းများစနစ်တကျ ပိတ်သိမ်းနိုင်ရေး၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်ရေးအတွက် အမျိုးသား အဆင့် မဟာဗျူဟာချမှတ် ဆောင်ရွက်နိုင်ရေးကိုလည်း ကုလသမဂ္ဂအဖွဲ့အစည်း၊ ကျွမ်းကျင်ပုဂ္ဂိုလ်များဖြင့် ဆွေးနွေး၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍လည်း ခွဲခြားဆက်ဆံမှုမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး မူဝါဒထားရှိ ဆောင်ရွက်နေကြောင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများကိုလည်း ခွဲခြားမှုမရှိဘဲ ဆောင်ရွက်နိုင်ရန် Red Cross Movement (RCM) ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

လက်ရှိ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များကို တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမှုသဟဇာတဖြစ်ရေး၊ ရေရှည် ပဋိပက္ခ ကင်းဝေးရေးတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ ပေါ်ထွက် လာစေရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် (ကိုဖီအာနန်ကော်မရှင်) ကို အစိုးရက ဖွဲ့စည်းအကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ရာ ထိုအကြံပြုချက်များကို အလေးထားကြောင်း သိရသည်။(Xinhua)