23
Fri, Aug
521 New Articles

သူရဦးရွှေမန်း ပါဝင်သော ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ တည်ထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်သွင်း

သူရဦးရွှေမန်းအား ၂၀၁၆ ခုနှစ် အတွင်း ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် တွေ့ ရစဉ်(ဆင်ဟွာ) Politics, Law & Military

ရန်ကုန် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ပါဝင်သော ပြည်ထောင်စု ကောင်းကျိုးဆောင် အမည်ရှိ နိုင်ငံရေး ပါတီ တစ်ရပ်အား တည်ထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ယနေ့ တင်သွင်းလိုက်ကြောင်း သိရသည်။

ထိုသို့ တင်သွင်းမှု အခြေအနေများအား “ဒီနေ့ မှာ ပါတီ တည်ထောင်ဖို့ စပြီး တင်ပါတယ်။ဥပဒေ အရ ဆိုရင် အနည်းဆုံး ပါတီ တည်ထောင်လိုသူ ၁၅ ဦးက ပါတီ တည်ထောင်ခွင့် ပြုလိုကြောင်း လျှောက်ထားရပါတယ်။ အခုကတော့ သူရ ဦးရွှေမန်း အပါအ၀င် ၁၉ ဦးနဲ့ လျှောက်ပါတယ်။၁၉ ဦးမှာ နံပါတ် ၁ ပါတာကတော့ သူရဦးရွှေမန်းပါ။”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်နိုင်က ဆင်ဟွာသို့  ပြောသည်။

ယခုအခါတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေး ပါတီ စုစုပေါင်း ၉၆ ပါတီ မှတ်ပုံတင်ထားကြောင်း သိရသည်။

ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ တည်ထောင်ရန် တင်သွင်းခဲ့မှုအား ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ပြီး ပြည်သူများ၏ အားပေးမှု နှင့် အကြံပြုချက်များကို ခံယူလိုကြောင်း ရေးသား ဖော်ပြခဲ့သည်။

သူရဦးရွှေမန်းသည် ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ (USDP) တွင် ဒုတိယ ဥက္ကဋ္ဌ /ဥက္ကဋ္ဌ အဖြစ် ပူးတွဲ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။(Xinhua)