18
Sun, Aug
553 New Articles

စားသုံးသူ အခွင့်အရေး လှုပ်ရှားမှု မတ်လလယ်တွင် စတင်မည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊မတ်လ ၁၂ ရက်(ဆင်ဟွာ)

အမျိုးသား အဆင့် စားသုံးသူ အခွင့်အရေး လှုပ်ရှားမှုကို ရက်သတ္တ ခြောက်ပတ်ကြာ ဆောင်ရွက် သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်လွင်က ယနေ့  နံနက် ပြောကြားခဲ့သည်။

“အမျိုးသား စားသုံးသူ အခွင့်အရေး လှုပ်ရှားမှုကို ရက်သတ္တ ခြောက်ပတ်ကြာ ပြုလုပ်သွားပါမယ်၊ အဲဒီ ကာလမှာ စားသုံးသူ အသိပညာပေး ဇာတ်လမ်းတွေကို နိုင်ငံပိုင် ရုပ်သံ မီဒီယာနဲ့  ရေဒီယိုလိုင်းတွေ မှာ ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်၊ အလားတူ စားသုံးသူ ရေးရာ ဦးစီးဌာနအနေနဲ့ Social Media Campaign ကိုလည်း ဆောင်ရွက်သွားပါမယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတွင် ယနေ့  နံနက် ပြုလုပ်သော ‘စားသုံးသူများတွင် စားသုံးသူ အခွင့်အရေး ရှိသည်’ မီဒီယာ မိတ်ဆက် အခမ်းအနား၌ ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့ခြင်း ဖြစ်သည်။

စားသုံးသူ အခွင့်အရေး လှုပ်ရှားမှု မိတ်ဆက်ရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

အဆိုပါ ပညာပေးအစီအစဉ်များကို ကမ္ဘာ့ စားသုံးသူ အခွင့်အရေးနေ့  ဖြစ်သည့် မတ်လ ၁၅ ရက် နေ့ မှ ဧပြီ လကုန်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူ များကို အကာအကွယ် ပေးလျက်ရှိပြီး စားသုံးသူများ၏ တိုင်ကြားမှုများအား ဖြေရှင်း ဆောင်ရွက်ရာတွင် အဓိက တာဝန်ယူ ဆောင်ရွက်ရသော ဌာန ဖြစ်ကြောင်း၊ စားသုံးသူများက မိမိ တို့ ၏ နစ်နာမှုများကို တိုင်ကြားလိုပါက နိုင်ငံတစ်ဝန်းရှိ စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးရုံးများ၊ ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားရှိသော စားသုံးသူ သတင်း ပြန်ကြား ရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေး စင်တာ (CICC) များသို့  လူကိုယ်တိုင် သွားရောက် တိုင်ကြားနိုင်သည့်အပြင် အွန်လိုင်းမှတစ်ဆင့် တိုင်ကြားလိုပါက စားသုံးသူရေးရာဦးစီးဌာန၏ တရားဝင် Website ဖြစ်သည့် http://www.doca.gov.mm သို့ လည်းကောင်း၊ မိုဘိုင်း အက်ပလီ ကေးရှင်း ဖြစ်သော DOCA Myanmar နှင့် စားသုံးသူရေးရာဦးစီးဌာန Face Book Page မှတစ်ဆင့် တိုင်ကြားနိုင်ပါကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ၀န်ဆောင်မှုနှင့် ပတ်သက်သည့် တိုင်ကြားမှု ၂၉၇ မှု၊ ကုန်စည်နှင့် ပတ်သက်သည့် တိုင်ကြားမှု ၇၁ မှု၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနှင့် မသက်ဆိုင်သည့် တိုင်ကြားမှု ၃၃ မှု အပါအ၀င် တိုင်ကြားမှုပေါင်း ၄၀၁ မှုတို့ ကို လက်ခံရရှိခဲ့ပြီး ၃၅၃ မှုကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း၊ ကျန် ၄၇ မှုတို့ မှာ ဖြေရှင်း ဆောင်ရွက်ဆဲ ဖြစ်ကြောင်း၊ စားသုံးသူ ပြည်သူများအနေဖြင့် မိမိတို့ ၏ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး အသိပညာရရှိလာပါက တိုက်ရိုက် အကျိုး သက်ရောက်မှု အားဖြင့် ပိုမို ကောင်းမွန်သည့် ၀န်ဆောင်မှုနှင့် ကုန်စည်များ ရရှိလာနိုင်မည့် အပြင် တစ်ဘက်၌လည်း စီးပွားရေး လုပ်ငန်းရှင်များအား ကုန်စည်နှင့် ၀န်ဆောင်မှု အရည်အသွေး တို့ကို မြှင့်တင် ထုတ်လုပ် ရောင်းချလာစေရန် တွန်းအား တစ်ရပ် ဖြစ်လာပြီး နိုင်ငံတော်နှင့် ပြည်သူ များအတွက် အကျိုး များစွာ ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စားသုံးသူ အခွင့်အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ က အချက် ရှစ်ချက် (Right to Safety, Right to information, Right to Choose, Right to Satisfaction of Basic Needs, Right to be Heard, Right to Redress, Right to Consumer Education, Right to Healthy Environment) လမ်းညွှန် ပြဌာန်းထားပြီး မြန်မာနိုင်ငံ၌လည်း ၂၀၁၆ ခုနှစ်တွင် စားသုံးသူ အခွင့်အရေး ကာကွယ်ရေး ဆိုင်ရာ ဥပဒေကို ပြဌာန်းထားရှိပြီး ပိုမိုကောင်းမွန်စေရန် ယခုအခါ ပြင်ဆင်ချက်များဖြင့် ပြည်ထောင်စု လွှတ်တော်သို့  ထပ်မံ တင်သွင်းထားကြောင်းနှင့်  မတ်လအကုန်တွင် အတည်ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)