ရပ်တည်ချက်များကို လှေနံ ဓားထစ် ဆုပ်ကိုင်မထားဘဲ ညှိနှိုင်း ဆွေးနွေးဖို့ လိုအပ်

ပြည်ထောင်စု ရှေ့ နေချုပ် ဦးထွန်းထွန်းဦး အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် မိမိ အဖွဲ အစည်း၏ ရပ်တည်ချက်များ၊ ခံယူချက်များကို လှေနံ ဓားထစ် ဆုပ်ကိုင်ထားတာမျိုး မဟုတ်ဘဲ အပေး အယူ အလျှော့ အတင်း များဖြင့် ဆွေးနွေးဖို့  လိုအပ်ကြောင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန (NRPC) အဖွဲ့ ဝင် ပြည်ထောင်စု ရှေ့ နေချုပ် ဦးထွန်းထွန်းဦးက ယနေ့ နံနက် ပြောကြားခဲ့သည်။

“သက်ဆိုင်ရာ အဖွဲ့ အစည်းတွေရဲ့ ရပ်တည်ချက်တွေကို လှေနံ ဓားထစ် ဆုပ်ကိုင်ထားတာမျိုး မဟုတ်ဘဲ အပေး အယူ အလျှော့ အတင်းနဲ့ စေ့စပ်ညှိနှိုင်း ဆွေးနွေးနိုင် တဲ့ အတိုင်း အတာနဲ့  လုပ်ပိုင်ခွင့်တွေ အပ်နှင်းလိုက်ဖို့ လည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အစု အဖွဲ့ တစ်ဖွဲ့ ချင်းရဲ့ လိုလားချက်တွေ ၁၀၀ ရာနှုန်းပြည့် ရနိုင်ဖို့ ဆိုတာ ဘယ် လိုမှ မဖြစ်နိုင်ပါဘူး။ ဒါတွေကလည်း အပြန်အလှန် နားလည်မှုနဲ့ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်နိုင်မှသာ စေ့စပ်ညှိနှိုင်းမှု အောင်မြင်မှာ ဖြစ်ပါတယ်” ဟု နေပြည်တော် NRPC ၌ ယနေ့  ပြုလုပ်သည့် NRPC နှင့် KNUတွေ့ ဆုံပွဲ အဖွင့်အမှာ စကားတွင် ပြည်ထောင်စု ရှေ့ နေချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

KNU အထွေထွေ အတွင်းရေးမှုးချုပ် ဖဒို စောတာဒိုမူး အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

NRPC နှင့် KNU တို့  ဆွေးနွေးပွဲ ကျင်းပနေစဉ်။ (ဆင်ဟွာ)

ငြိမ်းချမ်းရေး ခရီး ဆိုသည်မှာ အစဉ်အမြဲပဲ အနိမ့်အမြင့် အတက်အကျများနှင့် ရင်ဆိုင်ရတာ ဓမ္မတာ ဖြစ်ကြောင်း၊ အဓိက အချက်မှာ ပါဝင်နေသူများ၏  ငြိမ်းချမ်းရေး တည်ဆောက်မှု၊  နိုင်ငံရေး ခံယူချက် စိတ်ရင်း စေတနာတို့ ပဲ ဖြစ်ကြောင်း၊ မိမိ အားလုံးဟာ လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းစေပြီး ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းနေကြသူများသာ ဖြစ်ကြောင်း၊  KNU ဥက္ကဋ္ဌ ဖထီး မူးတူးစေးဖော ပြောသကဲ့သို့  သတ္တိရှိ မှ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မှာ ဖြစ်သလို နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောခဲ့သည့်အတိုင်း  စေ့စပ် ညှိနှိုင်း ဆွေးနွေးရာမှာ သတ္တိနှင့် ဇွဲရှိဖို့  လိုအပ်မှာ ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ၊ တတိယ အစည်း အဝေး၏ ထုတ်ပြန်ကြေညာချက်သည် ညီလာခံ ကိုယ်စားလှယ် အားလုံး၏ သဘောထားနှင့် ထုတ်ပြန်ခဲ့ခြင်းသာ ဖြစ်ပါပြီး ထိုထုတ်ပြန်ချက်အပေါ် ပြင်ပမှ ကောက်ချက် အမျိုးမျိုး ဘာသာပြန်ချက် အမျိုးမျိုးဖြင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများက လိုရာဆွဲ ပြောကြသည်များ ပေါ်ပေါက်ခဲ့ကြောင်း၊ NCA ညှိနှိုင်းပြီ ဆိုကတည်းက မိမိတို့ အကြားမှာ အကြိတ်အနယ် ဆွေးနွေး သုံးသပ်ပြီး သတိနှင့်  ညှိနှိုင်းခဲ့ ကြရတာ ဖြစ်ကြောင်း၊ ထိုအချက်ကို ခေါင်းဆောင်များအနေဖြင့် အထူး အလေးအနက် ထားကြစေ လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တရားဝင် ဆွေးနွေးပွဲများကို အမြန်ဆုံး ပြန်လည် စတင်လိုကြောင်း၊ ထိုသို့  စတင်နိုင်ဖို့ အတွက် ရှိနေသည့် အခက်အခဲများကို ၀ိုင်းဝန်းကူညီ ကာ ပူးပေါင်း ဖြေရှင်းရန် အတွက် အသင့်ရှိနေပါကြောင်းလည်း ရှေ့ နေချုပ်က ပြောကြားခဲ့သည်။

အဆိုပါ တွေ့ ဆုံပွဲ့ သို့  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို ဌာန အဖွဲ့ ဝင်များဖြစ် ကြသည့် ပြည်ထောင်စု ရှေ့ နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဒုတိယ ၀န်ကြီး ဦးခင်မောင်တင့်၊ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ ဝင် ဦးသိန်းဇော်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ ဝင် ဦးလှမောင်ရွှေ တို့ တက်ရောက်ခဲ့ကြပြီး KNU ဘက်မှ အထွေထွေ အတွင်းရေးမှုးချုပ် ဖဒို စောတာဒိုမူး ဦးဆောင်သော အဖွဲ့ ဝင် ခြောက်ဦး တက်ရောက်ခဲ့ကြသည်။(Xinhua)