နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၂၀၂၀ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီးတရားမျှသောရွေးကောက်ပွဲ ဖြစ်စေရေး ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်သမ္မတနှင့် ရွေးကောက်ပွဲကော်မရှင်တွေ့ဆုံဆွေးနွေးစဉ်(သမ္မတရုံး) Politics, Law & Military

ရန်ကုန်၊ မေ ၂၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နှင့် ယနေ့ နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးစဉ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို စနစ်တကျဖွဲ့စည်းရေး၊ မဲရုံမှူးများ၊ အဖွဲ့ဝင်များကို မှန်မှန်ကန်ကန် တာဝန်ပေးရေး၊ မဲရုံများ၏လုံခြုံရေး အပြည့်အဝရှိစေရေးနှင့် မဲဆန္ဒနယ်မြေများ သတ်မှတ်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး မဲပေးခွင့် အပြည့်အဝရရှိစေရေးနှင့် မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲစာရင်းများပြုစုရာတွင် တိကျမှုရှိစေရေး၊ ကြိုတင်ဆန္ဒမဲများ မှန်ကန်မှုရှိစေရေး၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ မဖြစ်ပေါ်စေရေး၊ ဆန္ဒမဲရေတွက်ခြင်းနှင့် ရလဒ်ကြေညာရေး စသည်တို့နှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲ ဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် နိုင်ငံတော်သမ္မက လမ်းညွှန်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများ ပြုစုနေမှု၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ရွေးကောက်ပွဲလုပ်ငန်းစဉ်များ သင်တန်းပို့ချနေမှု၊ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲအလွန်ကာလတို့တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ရှင်းလင်းပြောကြားသည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ဦးသန်းဌေး၊ ဦးညွှန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင်တို့ တက်ရောက်ကြသည်။(Xinhua)