ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (မူကြမ်း) ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအားတွေ့ရစဉ် (ဓာတ်ပုံ--YRG) Politics, Law & Military

ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (မူကြမ်း) ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့၊ နံနက်(၈)နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်နေရသော စီမံကိန်းများအား လူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲအား ပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ဆွေးနွေးပွဲတွင် ပုဂ္ဂလိက ကဏ္ဍ ပါဝင်လာရခြင်းသည် ပြည်သူလူထု၏ အသံများကို ပုဂ္ဂလိက ကဏ္ဍမှ သယ်ဆောင်လာရန် ဖြစ်ပြီး ဌာနဆိုင်ရာများသည်လည်း ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် မိမိတို့ဌာနများတွင် ရှိနေသော အချက်အလက်များဖြင့် ပူးပေါင်းဆောင်ရွက် ရန် ဖြစ်ကြောင်း၊ လွှတ်တော်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ပတ်သက်သည့် အခြေအနေများရှိကြောင်း၊ ပုဒ်မ(၁၀၀)အရ အစိုးရများကသာ တင်းသွင်းခွင့်ရှိသည့် ဥပဒေ(၃)ခု ရှိပြီး ယင်းဥပဒေရပ်များအား အစိုးရက တင်းသွင်းသည့်နေရာတွင် ဌာနဆိုင်ရာများက ရေးဆွဲ၊ တင်ပြလာသော အခြေအနေများအပေါ်မှ ဘတ်ဂျက်နှင့် စီမံကိန်းများ ရေးဆွဲတာမျိုး မဟုတ်ဘဲ ပြည်သူလူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး ရေးဆွဲသည့် အခြေအနေမျိုး ဖြစ်စေရန် ယင်းလုပ်ရုံဆွေးနွေးပွဲအား ကျင်းပရခြင်း ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ် မူတည်၍ လာမည့် ဘတ်ဂျက်ရေးဆွဲရာတွင် စီမံကိန်းဥပဒေများ တင်သွင်းရန် ရှိကြောင်း အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (မူကြမ်း) ရေးဆွဲရေး အတွက် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ၊ စီပွားရေးပညာရှင် ဦးစိန်ဌေးက ရန်ကုန်တိုင်းဒေသကြီး၊ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ရေးဆွဲရေးအတွက် စီမံကိန်းနှင့် ဒေသဆိုင်ရာ စီမံကိန်းရေးဆွဲခြင်း ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (မူကြမ်း) အား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (မူကြမ်း) နှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးခြင်း၊ ဦးစားပေးကဏ္ဍများအတွက် ရွေးချယ်သတ်မှတ်ခြင်းနှင့် အထွေအထွေဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သတ်မှတ်ရွေးချယ်ထားသော သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ တာဝန်ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)