ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှု ၁၈၄၅မှု ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတွင် ဖော်ပြထားသည်။
၂၀၁၈ခုနှစ် ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာ ၃၁ ရက်ထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အနေဖြင့် ၁၈၄၅ မှုရှိပြီး တရားခံ အမျိုးသား တရားခံ ၂၆၅၁ ဦး၊ အမျိုးသမီး တရားခံ ၃၃၆ ဦး စုစုပေါင်း ၂၉၈၇ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသော အမှုများတွင် ဘိန်း ၁၊ ဘိန်းဖြူ ၁၂၆၊ စိတ်ကြွဆေးပြား ၁၅၈၄၊ စိတ်ကြွဆေးအကြေ ၂၊ အိုက်စ် ၃၃၊ ဆေးခြောက် ၁၉၇အပါအဝင် စုစုပေါင်း ၁၈၄၅ မှုရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် သမ္မတရုံးထံ တိုင်ကြားချက်များကို သွားရောက်စစ်ဆေးမှုများပြုလုပ်ရာတွင် ၂၀၁၈ ခုနှစ်အတွင်း တိုင်တန်းအမှု ၄၀၄မှုရှိရာ တရားခံ ၇၅ဦး ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်အမှုများသည် အတည်မဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
၂၀၁၉ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သတ်ပြီး တိုင်စာ ၂၂၀ရှိပြီး လက်ရှိ ၁၉ မှု ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ တိုင်တန်းမှုများထဲမှ အတည်မပြုနိုင်မှု ၁၉၃မှုရှိကြောင်း ၎င်းက ဆိုသည်။
“တချို့ တိုင်လို့ရတယ်ဆိုတိုင်ပေမယ့် ကျွန်တော်တို့ သွားရောက်စစ်ဆေးတဲ့နေရာမှာ အတည်မဖြစ်တာတွေရှိပါတယ်”ဟု ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ဇွန် ၅ရက် ညနေပိုင်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။(Xinhua)