လွယ်ဂျယ်မြို့တွင် ကျပ်သိန်း ၁၃၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားခံများနှင့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC) Politics, Law & Military

ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် ဇွန် ၉ ရက် ညပိုင်းတွင် ကျပ်သိန်း ၁၃၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁)ဗန်းမော်(လွယ်ဂျယ် လှုပ်ရှား)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွယ်ဂျယ်မြို့၊ စစ်ဆေး ရေးဂိတ်(၂)အနီး လွယ်ဂျယ်-မန်ကောင်းသွား ကားလမ်းပေါ်တွင် နမ့်ခမ်းမြို့ဘက်မှ လွယ်ဂျယ်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေး ချိန် ၁၂၂ဝ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၂ဝ သိန်း)၊ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့် ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၇ဝဝ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ၁၁၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး လွယ်ဂျယ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။(Xinhua)