15
Sun, Sep
495 New Articles

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်း အားလွှတ်တော်အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ-- YRG) Politics, Law & Military

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် အရအသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက် အရ စုစုပေါင်းရငွေကျပ် ၇၇၂.၀၄၈ ဘီလီယံကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ရှင်းလင်းတင်ပြသည့်အပေါ် လွှတ်တော်က အတည်ပြုလိုက်သည်။ 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက “ရန်ကုန်တိုင်းဒေသကြီး စုပေါင်းရာဇဝတ်တရားရုံး ဆောက်လုပ်ရန်အတွက် ကျပ် (၆)ဘီလီယံ၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး ဆောက်လုပ်ရန်အတွက် ကျပ် (၅)ဘီလီယံ၊ ကိုကိုးကျွန်းသင်္ဘော ဝယ်ယူရန်အတွက် ကျပ်(၅) ဘီလီယံ စုစုပေါင်း(၁၆)ဘီလီယံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းမှ လျာထာခြင်း မပြုတော့ပါဘူး။’’ ဟု ပြောသည်။  

ထိုကဲ့သို့ လျာထားခြင်း မပြုဘဲ  စုစုပေါင်း ကျပ်(၁၆)ဘီလီယံကို ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် ခွဲဝေစီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းဆိုသည်။ 

“ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ  ခွဲဝေခြင်းအားဖြင့် စုစုပေါင်းအသုံးစရိတ်ပါ လက်ရှိတင်ပြထားတဲ့ အတိုင်းပဲ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ စာရင်းရဲ့ စုစုပေါင်းရငွေကတော့ ၇၇၂.၀၄၈ ဘီလီယံနဲ့ စုစုပေါင်းသုံးငွေကလည်း ကျပ် ၇၇၂.၀၄၈ ဘီလီယံပဲ ဖြစ်မှာ ဖြစ်ပါတယ်။ အဲ့ဒီ့ စုစုပေါင်းရငွေနဲ့ စုစုပေါင်းအသုံးစရိတ်ကို ပြောင်းလဲခြင်း မပြုဘဲနဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ လိုအပ်မှာဖြစ်တဲ့ ငွေလုံးငွေရင်း အသုံးစရိတ်အောက်က လမ်းလုပ်ငန်းများ၊ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ စတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်ကို ခွဲဝေလျာထားပေးမှာဖြစ်ပါတယ်။”ဟု ဝန်ကြီးက ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ အရအသုံး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်) နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) ပထမနေ့တွင် လွှတ်တော်သို့ ရှင်းလင်း တင်သွင်းခဲ့သည့် အပေါ် ပြည်သူ့ငွေစာရင်း ကော်မတီမှ ငွေကြေးဆိုင်ရာ စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာများကို တင်ပြခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၃၃)ဦးတို့မှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။  (Xinhua)