ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်တွင် ကျပ် သိန်း၃၀၀၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

လွိုင်လင်မြို့တွင် ဖမ်းဆီးရမိသော ထိန်းချုပ်ဓာတုပစ္စည်းများနှင့် တရားခံအားတွေ့ရစဉ်(CCDAC) Politics, Law & Military

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်တွင် ဇွန် ၂၀ ရက် မနက် ၁၁ နာရီခန့်က ကျပ် သိန်း၃၀၀၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လွိုင်လင်မြို့အထွက်၊ ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်- တောင်ကြီး သွားကားလမ်းတွင် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသည့် ပလတ်စတစ်အိတ်များဖြင့်ထုပ်ထားသော ကတ်တမင်းအလေးချိန် ၃၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၀၀၀ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် မြန်မာငွေ ၁၀.၁၅ သိန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော တရားခံကို လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)