ဒေသဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေးတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မည်ဟု RCSS ပြော

RCSS အဖွဲ့  ရောက်ရှိလာစဉ်။(ဆင်ဟွာ) Politics, Law & Military

နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံရေးသဘောတူညီချက်မရခင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ကြားကာလမှာ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း RCSS ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦး ဘောင်ခေးက ပြောသည်။

ထို့အပြင် “ပြီးခဲ့တဲ့ အစည်းအဝေးမှာ သဘောထားချမှတ်ထားခဲ့တဲ့အတိုင်း အကျဉ်းချ ဖမ်းဆီးခံထားရ တဲ့ RCSS ဝန်ထမ်းတွေနဲ့ ကျေးလက် လူထု စုစုပေါင်း ၃၀ ဦးခန့်ကို လွှတ်ပေးခဲ့တဲ့အတွက် အစိုးရကို အထူးကျေးဇူးတင်ပါတယ်၊ နေရာတချို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အားလုံး ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကျနော်တို့ ဝိုင်းဝန်း နည်းလမ်း ရှာရမှာဖြစ်သလို တစ်ဖက်မှာလည်း အစိုးရ တစ်ရပ်ရဲ့ သက်တမ်းဟာ အကန့်အသတ်ရှိတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ သူ့ဘက် ကိုယ့်ဘက် မျှမျှတတဖြစ်ဖို့ လိုအပ်ပါတယ်” ဟုလည်း နေပြည်တော် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟို (NRPC)ဌာနတွင် ကျင်းပသည့် NRPC နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) တို့ တွေ့ဆုံ ဆွေးနွေးပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

NRPC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

RCSS အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဘောင်ခေး အမှာစကားပြောကြားစဉ်။(ဆင်ဟွာ)

NRPC – RCSS ဆွေးနွေးပွဲ ကျင်းပနေစဉ်။(ဆင်ဟွာ)

NRPC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက “ဒီကနေ့ ဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပင်လုံ တတိယ အစည်းအဝေး နောက်ပိုင်း ရှစ်ကြိမ်မြောက် တွေ့ဆုံမှုပဲ ဖြစ်ပါတယ်။ ဒီ ရှစ်လတာ ကာလအတွင်း (၈) ကြိမ်မြောက် တွေ့ဆုံတယ်ဆိုတာ ကျွန်တော်တို့ အနည်းဆုံ့း တစ်လကို တစ်ကြိမ်လောက် တွေ့ဆုံမှု ရှိတယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ဒီကနေ့မှာ နှစ်ဘက်အကြားမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လို ဆက်ပြီး ဆောင်ရွက်ကြမလဲ ဆိုတာကို အလေးထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဇွန်လ ၁၃ နဲ့ ၁၄မှာ ပြုလုပ်တဲ့ UPDJC အတွင်းရေးမှူးများ အလွတ်သေဘော အစည်းအဝေးမှာ ကျွန်တော်တို့ အစိုးရဘက်ကနေ ကမ်းလှမ်း ထားတဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း လျှောက်လှမ်းရမယ့် လမ်းကြောင်း လေးခုအပေါ်မှာ RCSS ရဲ့ သဘောထားတွေကိုလည်း ထည့်သွင်းဆွေးနွေးပေးဖို့လည်း ကျွန်တော် မျှော်လင့်ပါတယ်” ဟု ဆွေးနွေး ပွဲ၏ အဖွင့် စကားတွင် ပြောကြားခဲ့သည်။

ယနေ့ အစည်းအဝေးတွင် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေး၊ ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၁၉ ခုနှစ်အတွင်း ကျင်းပနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပြန်လည် ထူးထောင်ရေး လုပ်ငန်းများ၊ အကျဉ်းကျနေသည့် RCSS တပ်ဖွဲ့ဝင်များ လွတ်မြောက်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။(Xinhua)