18
Mon, Nov
476 New Articles

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောကြားချက် အပေါ် ပြန်လည် တုန့်ပြန် ပြောကြား 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ - MOI) Politics, Law & Military

ရန်ကုန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ နိုဝင်ဘာ ၃ ရက်တွင် ကျင်းပသည့် ၁၀ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီး အစည်း အဝေး၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres  ၏ ပြောကြားချက်အပေါ် ပြန်လည် တုန့်ပြန် ပြောကြားမှုအား နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ယနေ့ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့သည်။

အစည်းအဝေး၌ ကုလ သမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ရခိုင်ပြည်နယ်အရေး ကိစ္စအပေါ် စိုးရိမ် ပူပန် ကြောင်း ၊ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရေးနှင့် နေရပ်စွန့်ခွါသူများ မိမိဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးမှာ မြန်မာ အစိုးရ၏ တာဝန် ဖြစ်ကြောင်း ၊ မြန်မာ နှင့် အာဆီယံတို့ အကြား ပူးပေါင်း ဆောင်ရွက်မှုကို ကြိုဆို ကြောင်း နှင့် ဆက် လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ထည့်သွင်းပြော ကြား ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည် နယ် အရေးကိစ္စမှာ အလွန် သိမ်မွေ့ ရှုပ်ထွေး သည့် ကိစ္စတစ်ခု ဖြစ်ကြောင်း၊ မိမိတို့လက်ရှိ အစိုးရသက်တမ်းထက် ဆယ်ဆမက ကာလရှည်လျားစွာ ယင်းဒေသ၌ ရောက်ရှိ နေကြသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများအနေ ဖြင့် ပြဿနာ၏ သိမ်မွေ့ရှုပ်ထွေးမှု အတိုင်းအတာကို အနည်းအကျဉ်းမျှ သိထားရန် လိုအပ်ကြောင်း၊ မိမိတို့ကာကွယ် စောင့်ရှောက်ပေးရမည့်သူ များအားလုံး၏ လုံခြုံရေးနှင့်အခွင့်အရေး များအား ကာကွယ် ပေးရန် တာဝန်ကို မိမိတို့အစိုးရအနေဖြင့် ရှောင်လွှဲမည် မဟုတ်ကြောင်း ပြန်လည် တုန့်ပြန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံ သဘောတူ ညီချက်၊ UNHCR ၊ UNDP တို့နှင့် လက်မှတ်ရေးထိုးထားသည့် သုံးပွင့် ဆိုင်သဘောတူညီချက်တို့နှင့်အညီ စိစစ် အတည် ပြုပြီးဖြစ်သည့် နေရပ် စွန့်ခွာ သူများကို ပြန်လည်လက်ခံရန် အပြည့်အဝ ကတိ ပြုထားပြီး ဖြစ်ကြောင်း ၊ နေရပ်စွန့်ခွါသူများ မိမိဆန္ဒအလျောက် အေးချမ်း လုံခြုံစွာဖြင့် ပြန်လာနိုင်မည့် အသင့် လျော်ဆုံးပတ်ဝန်းကျင်ဖြစ်စေရေးအတွက် မိမိတို့ ၏ ကြိုးပမ်း ဆောင်ရွက် နေမှုကို ကူညီပံ့ပိုးပေးကြ သည့် အာဆီယံ၊ အာဆီ ယံ အတွင်းရေးမှူးချုပ်ရုံး နှင့် AHA Centre တို့အပေါ် ကျေးဇူးတင်ရှိ ကြောင်း၊ ပြဿနာအပေါ် လက်တွေ့ကျပြီး ဘက်လိုက်မှုမရှိဘဲ မျှတသည့် ချဉ်းကပ်မှုဖြင့် အကူညီ ပေးနေကြသော မိတ်ဆွေများ ၏ အကူအညီဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က  ပြန်လည် တုန့်ပြန် ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)