21
Fri, Sep
687 New Articles

YBS ယာဉ်များ သင်္ကြန်ကာလ တွင် ယာဉ်စီးခပိုမိုတောင်းခံနေကြောင်း တိုင်ကြား လာပါက ထိထိရောက်ရောက် အရေးယူမည်

YBS ယာဉ်လိုင်းပြေးဆွဲနေမှုအားတွေ့ရစဉ် (ဆင်ဟွာ) Social

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်း သင်္ကြန်ကာလ ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများ မူလဈေးထက် ပိုမိုတောင်းခံနေကြောင်း သက်ဆိုင်ရာသို့ တိုင်ကြားမှု များရှိလာပါက သတ်မှတ် စည်းကမ်းနှင့် အညီ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ရုံးချုပ်မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ယခုနှစ် သင်္ကြန်ကာလ ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အဆင်ပြေရန် YBS ယာဉ်လိုင်းပေါင်း ၆၁ လိုင်းမှ ယာဉ်အစီးရေ ၇၆၉ စီး ပြေးဆွဲရန် စီစဉ်ခဲ့သည်။ သင်္ကြန်ကာလအတွင်း သတ်မှတ်နှုန်းထားများထက်ပိုမို ကောက်ခံမှုမပြုရန်နှင့် မူးယစ်သောက် စားပြီး မောင်းနှင်မှုမပြုရန်၊ ခရီးသည်များအား မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံ မှုမပြုရန်၊ လမ်းကြောင်းသွေဖည် ပြေးဆွဲမှုများမပြုလုပ်ရန် စသော စည်းကမ်းသတ်မှတ်ချက်များ ချမှတ် ခဲ့သော်လည်း စတင်ပြေးဆွဲသော သင်္ကြန်အကြိုနေ့နှင့် ယနေ့သင်္ကြန်အကျနေ့ တို့တွင် ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ ယခင်နှစ်များနည်းတူ သတ်မှတ်နှုန်း ထားထက် ပိုမိုကောက်ခံမှုများ ပေါ်ပေါ်တင်တင်ပြု လုပ်နေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။ 

သင်္ကြန်ကာလ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများ အနေဖြင့် YRTA မှ ချမှတ်ထားသော စည်းကမ်းချက်များ အပေါ် လိုက်နာမှုမရှိလျှင် ခရီးသွားပြည်သူများက ယာဉ်စည်းကမ်း ထိန်းသိမ်းရေး Hot Line ဖုန်းများဖြစ်သော 09-448147149 နှင့် 09-448147154 တို့သို့ ဆက်သွယ်တိုင်ကြား နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA ) ထုတ်ပြန် ထားသော်လည်း ယနေ့ သင်္ကြန်အကျနေ့အထိ ခရီးသည်များအနေဖြင့် တိုင်ကြားမှုမရှိသေးဘဲ အဝေးပြေး ယာဉ်လိုင်းတချို့မှ သတ်မှတ်နှုန်း ထားထက် ပိုမိုတောင်းခံသည့်အပေါ် တိုင်ကြားလာသော အမှုနှစ်ခုသာ ရှိသေး ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)