21
Wed, Aug
526 New Articles

လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ်အမှုထမ်းများ၏ စွမ်းဆောင်နိုင်မှုအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းပေးအပ်

တပ်မတော်မှ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ်အမှုထမ်းများ၏ စွမ်းဆောင်နိုင်မှုအတွက် ဂုဏ်ပြုလွှာပေးအပ်မှုအားတွေ့ရစဉ်(တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး) Social

ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)

 

မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်မတော်တဆမှုဖြစ်ပေါ်ရာတွင် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဘေးအန္တရာယ်ကင်းရှင်းစွာ လေယာဉ်ကို ထိန်းချုပ် ဆင်းသက်နိုင်ခဲ့သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ် အမှုထမ်းများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူများက လေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နှင့် လေယာဉ် အမှုထမ်းများအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်အမှတ် (XY-AGQ ၊ Embraer 190) ခရီးသည်တင် လေယာဉ်၊ ခရီးစဉ်အမှတ် (ယူဘီ-၁၀၃) သည် လေယာဉ်အမှုထမ်း ခုနစ်ဦးနှင့် ခရီးသည် ၈၂ ဦးတို့ကို တင်ဆောင်လျက် မေ ၁၂ ရက် နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ချိန်တွင် Nose Landing Gear မကျသဖြင့် Emergency Procedure အသုံးပြု၍ ဘီးချခဲ့သော်လည်း မကျဘဲ Main Landing Gear နှစ်ခုဖြင့်သာ တည်တည်ငြိမ်ငြိမ်ဖြင့် ဆုံးဖြတ်ချက် မှန်ကန်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)