27
Fri, Apr
674 New Articles

တရုတ်နိုင်ငံ၏နာမည်ကျော် မကာအိုသံစုံတီးဝိုင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံး လာရောက်ဖျော်ဖြေ

တရုတ်နိုင်ငံ မကာအို သံစုံတီးဝိုင်း၏ဂီတဖျော်ဖြေတင်ဆက်ပွဲတွင် စုပေါင်းအမှတ်ရဓါတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ) Culture

ရန်ကုန်၊ မတ်လ ၃၀ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကျော် တရုတ်နိုင်ငံ မကာအိုသံစုံတီးဝိုင်းဖျော်ဖြေပွဲကို မတ်လ ၃၀ ရက်နေ့ညနေပိုင်းက ရန်ကုန်မြို့ တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ၄င်းဖျော်ဖြေပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုရေးနှင့်ယဉ်ကျေးမှုရေးရာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။

ယင်းဖျော်ဖြေပွဲအခမ်းအနားကို မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးဟောင်း မစ္စတာ He Hou Hua ၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ တရုတ်နိုင်ငံ မကာအို လူမှုရေးနှင့်ယဉ်ကျေးမှုရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Tan Jun Rong ၊တရုတ်နိုင်ငံ မကာအို ကုန်သွယ်ရေးနှင့်ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေးဌာန ဥက္ကဋ္ဌ Zhang Zu Rong၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း နာယက ဦးတင်ဦးနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ 

တရုတ်နိုင်ငံ မကာအိုသံစုံတီးဝိုင်းအဖွဲ့သားများအား တွေ့ရစဉ်(ဆင်ဟွာ)

သံစုံတီးဝိုင်း ဖျော်ဖြေတီးခတ်နေစဉ်(ဆင်ဟွာ)

ဂီတဖျော်ဖြေပွဲကို ပါဝင်တက်ရောက်သည့် ဧည့်သည်တော်များအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယခုတစ်ကြိမ်ဂီတဖျော်ဖြေပွဲကျင်းပခြင်းသည် တရုတ်နိုင်ငံ မကာအို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် မြန်မာနိုင်ငံ ယဉ်ကျေးမှုဖလှယ်ခြင်းဖြစ်ရာ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ လွန်ခဲ့သောတစ်နှစ်တာကာလအတွင်း တရုတ်မြန်မာဆက်ဆံရေး အသစ်ထပ်မံတိုးမြှင့်ခဲ့ရာ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးလည်းပိုမိုနက်ရှိုင်းလာကြောင်း၊ ခေတ်သစ်ပိုး လမ်းမကြီးတည်ဆောက်ရေးနှင့် တရုတ်မြန်မာစီးပွားရေးစင်္ကြန်တည်ဆောက်ရေးကိစ္စရပ်များတွင် တရုတ်မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များ သဘောတူညီမှုရရှိရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များ ပိုမို ရှင်းလင်းမြင်သာ လာကြောင်း၊တရုတ်နိုင်ငံ မကာအို သံစုံတီးဝိုင်း မြန်မာနိုင်ငံသို့လာရောက်ဖျော်ဖြေတင်ဆက်ခြင်းမှာလည်း တရုတ်မြန်မာ ဆက်ဆံရေး၏တိုးတက်မှုကဏ္ဍအသစ်တစ်ခုဖွင့်လှစ်လိုက်ခြင်းဖြစ်ရာ နှစ်နိုင်ငံပြည်သူများအကြား စိတ်ချင်း ဆက်နွယ်ကာ အပြန်အလှန်နားလည်မှုများပိုမိုတိုးပွားလာလိမ့်မည်ဟု ယုံကြည်ကြောင်း ဖျော်ဖြေပွဲအခမ်းအနား မစတင်မီ ပေးဝေထားသည့် လက်ကမ်းစာအုပ်၏အမှာစကားတွင် ရေးသားဖော်ပြထား သည်။ 

 

တရုတ်နိုင်ငံ မကာအို လူမှုရေး နှင့်ယဉ်ကျေးမှုရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ Tan Jun Rong ကလည်း တရုတ်နိုင်ငံ မကာအိုသည် ပင်လယ်ရေကြောင်းပိုးလမ်းမကြီး၏အရေးပါသည့်လမ်းဆုံမှတ်တွင် တည်ရှိသည့် အတွက် ပိုးလမ်းမတလျှောက်ဒေသများ ၏ဆက်ဆံရေးကို အားထားဆောင်ရွက်လျက်ရှိကြောင်း၊ ယဉ်ကျေးမှု ဖလှယ်ရေးမှာ ပြည်သူ့ဆက်ဆံရေး၏ အဓိကအခြေခံဖြစ်ကြောင်း၊ ယဉ်ကျေးမှုဖလှယ်ခြင်းက ပြည်သူများ အကြားအပြန်အလှန်နားလည်သိရှိမှုများ တိုးပွားလာမည်ဖြစ်သလို ပိုမိုနီးကပ်သည့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူလူထု ၏နွေးထွေးစွာကြိုဆိုမှုကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်း ၄င်း၏အမှာစကားတွင် ရေးသားဖော်ပြထား သည်။

ဖျော်ဖြေတင်ဆက်ပွဲကို တရုတ်နိုင်ငံ မကာအို သံစုံတီးဝိုင်း၏ Music Director လည်းဖြစ် Principal Conductor ဖြစ်သည့် နာမည်ကျော် ဂီတပညာရှင် မစ္စတာ Lu Jia နှင့် ၎င်း၏၀ိုင်းတော်သူဝိုင်းတော်သားများက  Mozart ၏နာမည် ကျော် တေးသွားများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပါသည်။

 

မကာအိုသံစုံတီးဝိုင်းသည် တရုတ်နိုင်ငံ မကာအို ယဉ်ကျေးမှုဌာနမှ ကြီးမှူးဖွဲ့စည်းထားသည့် ကျွမ်းကျင်အဆင့် သံစုံတီးဝိုင်းဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယခုအခါတွင် နာမည်ကျော် အနုပညာရှင်ကြီး Lu Jia အပါအ၀င် နိုင်ငံပေါင်း ဆယ်နိုင်ငံကျော်၏ နာမည်ကျော် ဂီတပညာရှင် အယောက် ၁၀၀ ကျော် ပါဝင် ဖွဲ့စည်းထားသည့် သံစုံတီးဝိုင်းအဖွဲ့ဖြစ်သည်။ မကာအို သံစုံတီးဝိုင်းသည်   တရုတ်နိုင်ငံအတွင်းရှိ မြို့ပေါင်း ၃၀ ကျော်အပါအ၀င် အမေရိကန်၊သြစတြီးယား၊ဆွစ်ဇလန်၊ဟန်ဂေရီ၊ ပေါ်တူဂီ၊ စပိန်စသည့် ပြည်ပနိုင်ငံ များသို့သွားရောက်၍ တရုတ်၊အနောက်တိုင်း ဂန္တ၀င်တေးဂီတများကို ဖျော်ဖြေတင်ခဲ့ရာ ပရိသတ်များ၏ တခဲနက်အားပေးနှစ်ခြိုက်ခြင်းကို ရရှိခဲ့ပါသည်။  ထိုသို့ဖျော်ဖြေတင်ဆက်မှုများအပြင် ကမ္ဘာ့အကျော်အမော် ဂီတပညာရှင်များနှင့်လည်းကောင်း ၊ ကမ္ဘာ့နာမည်ကျော် ဂီတအနုပညာအဖွဲ့အစည်းများနှင့်လည်းကောင်း  မကြာခဏဆိုသလို ပူးပေါင်းတင်ဆက်မှုများ ရှိပါသည်။(Xinhua)