18
Sun, Nov
675 New Articles

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း မြန်မာ နိုင်ငံ ရုံးခွဲ နှင့် စီမံကိန်း ဖော်ဆောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား ကျင်းပ

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း မြန်မာ နိုင်ငံ ရုံးခွဲ နှင့် စီမံကိန်း ဖော်ဆောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ) Social

ရန်ကုန် ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း(China Foundation for Poverty Alleviation,CFPA) မြန်မာ နိုင်ငံ ရုံးခွဲ နှင့် စီမံကိန်း ဖော်ဆောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနား ကို စက်တင်ဘာ ၅ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် တက္ကသိုလ် ရှိ စိန်ရတုခန်းမ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန ၊ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းဦး ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) ၊ CFPA ဒုတိယ အတွင်းရေးမှူး မစ္စတာ ချိန်ဟုန်ထောင်း (Mr.Chen Hongtao) ၊ CFPA နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန ဌာနမှူး မစ္စတာ ဝူဖိန် (Mr.Wu Peng) ၊ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် ပညာသင် ထောက်ပံ့ကြေး ရရှိသည့် ကျောင်းသား/သူ များ စုစုပေါင်း ၇၀၀ ဦးခန့် တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန ၊ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းဦး က အဖွင့်အမှာစကား ပြောကြားရာတွင် CFPA အနေဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁ ရက် တွင် အဆင့်မြင့် ပညာဦးစီးဌာန နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်း မှ စတင်၍ "ပေါက်ဖော် ပညာသင်ဆု" အား စတင် ပေးအပ် ခဲ့ကြောင်း ၊ ၃ နှစ်တာ ကာလ အတွင်း CFPA အနေဖြင့် မြန်မာ နိုင်ငံ တက္ကသိုလ် နှင့် ဒီဂရီကောလိပ် ပေါင်း ၁၁ ခု ရှိ ကျောင်းသား/သူ ၁၂၀၀ ဦး အား ပညာသင်စရိတ် ထောက်ပံ့ကူညီ ခဲ့ကြောင်း ၊ ထို့ပြင် ဒဂုံ တက္ကသိုလ် အား ကွန်ပျူတာ အစုံ ၄၀ လှူဒါန်း ပေးခဲ့ပြီး ပေါက်ဖော် ပညာသင်ဆု ရရှိသည့် ကျောင်းသား/သူ များအနက် ၁၀ ဦး အား တရုတ် နိုင်ငံ တက္ကသိုလ်များသို့ လေ့လာရေး ခရီးများ စေလွှတ်ပေးခဲ့ကြောင်း ၊ CFPA ၏ မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်း မှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က ပေါက်ဖော်ပညာသင်ဆု အား လွှဲပြောင်းပေးအပ်နေစဉ်(ဆင်ဟွာ)

 မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန ၊ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းဦး က အဖွင့်အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) က နှုတ်ခွန်းဆက် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်း ဒုတိယ အတွင်းရေးမှူး မစ္စတာ ချိန်ဟုန်ထောင်း (Mr.Chen Hongtao) က နှုတ်ခွန်းဆက် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

 မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီးဌာန ၊ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာနေဝင်းဦး က ပေါက်ဖော်ပညာသင်ဆု အား လွှဲပြောင်းပေးအပ်နေစဉ်(ဆင်ဟွာ)

CFPA နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန ဌာနမှူး မစ္စတာ ဝူဖိန် (Mr.Wu Peng) က ပေါက်ဖော်ပညာသင်ဆု အား လွှဲပြောင်းပေးအပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် စီးပွားရေး တက္ကသိုလ် သင်တန်းရေးရာဌာန ဌာနမှူး ဦးသန်းစိုးဦး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း က CFPA သည် မြန်မာ နိုင်ငံ တွင် ပထမ ဦးဆုံး မှတ်ပုံတင်သည့် တရုတ် နိုင်ငံ မှ NGO အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ၃ နှစ်တာ ကာလ အတွင်း မြန်မာ နိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခု တွင် လူပေါင်း ၄ သောင်းကျော် အား လက်တွေ့ကျသည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တွင် အရေးပါသည့် အချက်တစ်ချက် မှာ နိုင်ငံအသီးသီးရှိ ပြည်သူလူထု များ ချစ်ခင်ရင်းနှီးရန် နှင့် နှလုံးသားချင်း ချိတ်ဆက်နိုင်ရန် ဖြစ်ကြောင်း ၊ CFPA က တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး အတွက် အရေးပါသည့် တာဝန်များ ထမ်းဆောင် ခဲ့ကြောင်း ၊ CFPA အနေဖြင့် မြန်မာ နိုင်ငံ ဒေသ အသီးသီး သို့ လက်တွေ့သွားရောက် လေ့လာပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည့် အတွက် တရုတ် နိုင်ငံ ပြည်သူလူထု ၏ မြန်မာ နိုင်ငံ အပေါ် ထားရှိသည့် ချစ်ကြည်ရင်းနှီးမှု ကို ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ၊ အနာဂတ် တွင် CFPA ကဲ့သို့သော တရုတ် နိုင်ငံ NGO အဖွဲ့အစည်း များက မြန်မာ နိုင်ငံ တွင် ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားပြီး တရုတ်-မြန်မာ ချစ်ကြည်ရေး  ပိုမို ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်စေလိုကြောင်း ပြောကြား ခဲ့သည်။

CFPA ဒုတိယ အတွင်းရေးမှူး မစ္စတာ ချိန်ဟုန်ထောင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် CFPA အနေဖြင့် ၂၀၀၅ ခုနှစ် မှ စတင်၍ ပြည်ပနိုင်ငံ များ တွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများ နှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ၊ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၇ ရက် တွင် မြန်မာ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ၌ နိုင်ငံတကာ NGO အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်လက်မှတ်ရရှိခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ချစ်ခင်ရင်းနှီးသည့် ဆွေမျိုးပေါက်ဖော် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသောကြောင့် မြန်မာ နိုင်ငံ တွင် ပထမ ဦးဆုံး ဆောင်ရွက်သည့် စီမံကိန်း အား ပေါက်ဖော်ပညာသင်ဆု စီမံကိန်း ဟု ခေါ်ဆောင်ခဲ့ကြောင်း ၊ CFPA အနေဖြင့် ၃ နှစ်တာ ကာလ အတွင်း မြန်မာ နိုင်ငံ ဒေသ အသီးသီး ၌ ကူညီထောက်ပံ့မှု အမျိုးမျိုး ဆောင်ရွက်ပေးခဲ့ရာ တရုတ် ယွမ်ငွေ ၁၆.၈၉ သန်း အသုံးပြုခဲ့ကြောင်း ၊ CFPA အနေဖြင့် မြန်မာ နိုင်ငံ ပညာရေး နှင့် ကျန်းမာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပြီး တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးမှုအား ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် CFPA နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန ဌာနမှူး မစ္စတာ ဝူဖိန် က ၃ နှစ်တာ ကာလ အတွင်း မြန်မာ နိုင်ငံ အတွင်း ဆောင်ရွက်ခဲ့သည့် ကူညီထောက်ပံ့မှုများ နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြ ပေးခဲ့ပြီး အခမ်းအနား တက်ရောက် ခဲ့သည့် ဧည့်သည်တော် များက ပေါက်ဖော် ပညာသင်ဆု အား သက်ဆိုင်ရာ တက္ကသိုလ် အသီးသီး မှ ကိုယ်စားလှယ် များအား လွှဲပြောင်းပေးအပ်ခဲ့သည်။

ပေါက်ဖော် ပညာသင်ဆု အား ကိုယ်စားပြု လက်ခံပေးခဲ့သည့် ရန်ကုန် စီးပွားရေး တက္ကသိုလ် သင်တန်းရေးရာဌာန ဌာနမှူး ဦးသန်းစိုးဦး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားရာတွင် CFPA အနေဖြင့် ပညာထူးချွန်ပြီး ငွေကြေးထောက်ပံ့မှု လိုအပ်သည့် ကျောင်းသား/သူ များအား ပညာသင်ထောက်ပံ့ကြေး ကူညီပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ၃ နှစ်တာ ကာလ အတွင်း ရန်ကုန် စီးပွားရေး တက္ကသိုလ် ရှိ ကျောင်းသား/သူ ပေါင်း ၂၀၀ မှ ပညာသင်ထောက်ပံ့ကြေး ရရှိခဲ့ကြောင်း ၊ CFPA ၏ ပညာသင်ထောက်ပံ့ကြေး က ကျောင်းသား/သူ များအတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ပြီး ပညာသင်ကြားရာတွင် လိုအပ်သည့် ပစ္စည်း ကိရိယာ များ ဝယ်ယူခြင်း နှင့် သင်တန်းများ တက်ရောက်ရန် အတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ CFPA အနေဖြင့် မြန်မာ နိုင်ငံ ပညာရေး ကဏ္ဍ အတွက် ကူညီထောက်ပံ့မှုများစွာ ဆောင်ရွက်ခဲ့သည့် အတွက် ဝမ်းသာပီတိ ဖြစ်မိကြောင်း ၊ ထို့ကြောင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့သည့် CFPA အား ကျေးဇူး အထူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း ကို ၁၉၈၉ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ဆင်းရဲနွမ်းပါးသူ တို့အား အရည်အသွေးကောင်းမွန်သော ပညာရေး ၊ ကျန်းမာရေး ၊ အသက်မွေးဝမ်းကြောင်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြန်လည်ထူထောင်ရေး စသည့် ကဏ္ဍ များတွင် ကူညီထောက်ပံမှုများ ဆောင်ရွက်ပေးသည့် အရပ်ဖက် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။၂၀၁၅ ခုနှစ် မှ စတင်၍ CFPA အနေဖြင့် မြန်မာ နိုင်ငံ တွင် ပေါက်ဖော် ပညာသင်ဆု နှင့် အခြား ကူညီထောက်ပံ့မှု စီမံကိန်း စုစုပေါင်း ၁၀ ခု ဖြင့် လိုအပ်ချက်ရှိသည့် ဒေသများ တွင် ကူညီထောက်ပံ့မှုများ သွားရောက်ဆောင်ရွက်ပေးသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။(Xinhua)