21
Fri, Sep
685 New Articles

ဆွာချောင်း ရေဘေးသင့် ပြည်သူ့များအတွက် ထောက်ပံ့ကူညီမှုများပေးအပ်

ပြန်လည်ပြုပြင်နေစဉ် ကားများ သွားလာနေသည့် ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတားအားတွေ့ရစဉ် (ဆင်ဟွာ) Social

ရေတာရှည်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာမြို့နယ်နှင့် ရေတာရှည်မြို့ နယ် အနီးဝန်းကျင် ရေမြုပ်ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများသည် ၁၀ ရက်အတွင်း ပိုမိုမြန်ဆန်လာပြီ ဖြစ်ကြောင်း လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ ဆိုင်ရာ စီမံခန့် ခွဲမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက ဆင်ဟွာကို ပြောသည်။

“ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အရင်ထက် ပိုမြန်လာပါပြီ၊ ရှစ်လပိုင်း ၁၆ ရက်နေ့ မှာ အမြန်ပြန် လည်ထူထောင်ရေး အဖွဲ့  ဖွဲ့ စည်းခဲ့ရာမှာ လယ်/ဆည် ၀န်ကြီးဌာနရော လူ ကယ် ပြန် ၀န်ကြီး ဌာန ရော တခြား ဆက်စပ်ဌာနတွေရော ပါတော့ ဌာနဆိုင်ရာတွေမှာ လိုအပ်တဲ့ ဘတ်ဂျက် ရှိတယ်၊ သဘာဝ ဘေးအတွက် လျာထားတဲ့ စီမံချက်တွေရှိတယ်၊ အဲဒါတွေကို အမြန်ပြန်လည်ထူထောင်ရေး အဖွဲ့ က သမ္မတဆီ တင်ပြပြီးတော့ အမြန်ဆုံး ဆောင်ရွက်နိုင်ခဲ့တယ်၊ လယ်တွေ ပျက်စီးတာက အစ အမြန်ပြန်စိုက်ပျိုးနိုင်ဖို့  ပြန်ပေးတာတို့ ၊ လမ်းတံတားတွေကို အမြန် ပြန်ပြင်တာတို့ ၊ ဘတ်ဂျက် လျာထားမှုထဲ မပါတာတွေအတွက်လည်း သမ္မတ အရန် ရန်ပုံငွေထဲက အသုံးပြု ဆောင်ရွက်နိုင်ရေး လုပ်ငန်းတွေက အခုနောက်ပိုင်း ပိုပြီးတော့ မြန်ဆန် သွက်လက်လာတာကြောင့် ရေဘေးသင့် ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပိုမို မြန်ဆန်လာပါတယ်”  ဟု ရေတာရှည်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ ဆုံစဉ် ၎င်းက ဖြေကြားခဲ့သည်။

လောလောဆယ်၌ ကျောင်း၊ လမ်းတံတားများကို ဦးစားပေး ဆောက်လုပ်ပေးလျက်ရှိပြီး ရေဘေး ကြောင့် ပျက်စီးခဲ့သည့် အိမ်များ ဆောက်လုပ်နိုင်ရန် သက်သာချောင်ချိရေး အကူအညီများ ပေးလျက် ရှိရာ ရေဘေးသင့် မိသားစုများအား တန်ဖိုးနည်း အိမ်ယာများ ဆောက်လုပ်ပေးရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြခဲ့ သည်။

ရေတာရှည်မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးတွင် အလှူရှင်များနှင့် တာဝန်ရှိသူများလှူဖွယ် ပစ္စည်းစာရင်း တွက်ချက် လက်ခံနေစဉ် (ဆင်ဟွာ)

 

Power China ၏ လှူဖွယ် ပစ္စည်းများရောက်ရှိစဉ် (ဆင်ဟွာ)

ရေတာရှည် မြို့ နယ် အုပ်ချုပ်ရေးမှူးက Power China ထံ ဂုဏ်ပြုလွှာ ပေးအပ်စဉ် (ဆင်ဟွာ)

 ဆွာ မြို့  စက်ရုံကျောင်းတိုက် ကယ်ဆယ်ရေး စခန်းအတွက် ကျောင်းထိုင် ဆရာတော်ထံ Power China  လှူဖွယ်ပစ္စည်းများ ပေးအပ်စဉ် (ဆင်ဟွာ)

ကယ်ဆယ်ရေး စခန်းမှ မိသားစု အချို့ အားတွေ့ ရစဉ် (ဆင်ဟွာ)

ရေမြုပ်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ယခင်အပတ်က အမေရိကန် ဒေါ်လာ တစ်သိန်း လှူဒါန်းခဲ့သည့် Power China Int’l Group Lid. က ရေဘေးသင့် ပြည်သူတို့ အတွက် ဆန် နှစ်ကီလို အိတ် ၃၀၀၀၊ ပဲဆီ တစ်ပိသာ ဘူး ၃၀၀၊ ကွတ်ကီးထုပ် ၁၁၄၀၊ ခေါက်ဆွဲခြောက် ၄၃၂၀ ထုပ်တို့ ကို ၁၂ ဘီးကားကြီးနှစ်စီးဖြင့် စက်တင်ဘာ ၇ ရက်က လာရောက်လှူဒါန်းခဲ့ကြသည်။ ထို့အတူ Power China Int’l Group Lid. မှ ဆည်မြောင်း တမံ ဆိုင်ရာပညာရှင်အဖွဲ့သည် ဆွာချောင်းတမံအပါအ၀င် ရေမြုပ်ဒေသ အတွင်း အချိန်ယူ ကွင်းဆင်းလေ့လာကာ နည်းပညာပေး တွေ့ ရှိချက်များကို တွေ့ ရှိချက်များကို လယ်ယာ၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့  အစီရင်ခံစာ တင်သွင်းမည်ဖြစ်ကြောင်း သိရ သည်။

Power China Int’l Group Lid. အဖွဲ့ သည် ရေတာရှည် ထွေ/ အုပ်ရုံးကို့  ရိက္ခာ ကားကြီးနှစ်စီး လှူဒါန်း အပ်နှံအပြီးတွင် ရေဘေးသင့် ပြည်သူများအား ကိုယ်တိုင် ကိုယ်ကျ တွေ့ ဆုံ လှူဒါန်းနိုင်ရန် အပို သယ်ဆောင်လာသော ရိက္ခာတင် ကားငယ်လေးတစ်စီးနှင့် အတူ ကယ်ဆယ်ရေးစခန်းတည်ရှိရာ ဆွာမြို့ရှိ စက်ရုံကျောင်းတိုက်သို့  ထွက်ခွာခဲ့ကြပြီး ကျန်ရှိနေသေးသော ရေဘေးသင့် ပြည်သူများအား ပေးအပ်လှူဒါန်းခဲ့ကြသည်။

စက်ရုံ ဘုန်းတော်ကြီးကျောင်းတိုက် ကယ်ဆယ်ရေး စခန်းတွင် အက်လက် မှီခိုနေဆဲ ရေဘေးသင့် မိသားစု ၄၀ ကျော်တို့ တွင် ဆွာမင်းလမ်း ကျေးရွာမှ အသက် ၁၀၈ နှစ် ရှိသော အဘွား ဒေါ်သန်း ကြည် နှင့် အသက် ၉၈ နှစ် ရှိ ၎င်း၏ ခင်ပွန်း အဘ ဦးတင်ဦး တို့ ကိုလည်း တွေ့ ရသည်။ အဘက၊ “ရေလာပြီဆိုတော့ ရေဆင်းလမ်းနဲ့ ကျုပ်တို့အိမ်က ဦးတိုက်ပဲ၊ တည့်တည့်ပဲ၊ ကြားမှာ ကားလမ်းပဲ ခြားတယ်၊ ရေလည်း တစ်ဟုန်ထိုး ဆင်းလာရော သမီးက ကျုပ်တို့ ကို သုံးဘီးကာပေါ် အတင်း တင်ပြီး ဒီကို မောင်းပို့ လို့  သီသီကလေး လွတ်ခဲ့တာ၊ အိမ်ရော ပစ္စည်းတွေရော အားလုံးပါသွားတယ်၊ ဒီထက်ကြီးတဲ့ ဒုက္ခတော့ မရှိတော့ပါဘူး၊ ဒီဘုန်းကြီးကျောင်းမှာ နေရတာ အဆင်ပြေပါတယ်၊ ရွာကို တော့ အိမ်ဆောက်ပြီးမှပဲ ပြန်တော့မယ်၊ အလှူရှင်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်”ဟု ဆင်ဟွာကို ဖြေကြားသည်။

ထို့အတူ ရေဘေးကြောင့် နေအိမ်များ ပျက်စီးသွားပြီး မပြန်နိုင်သေးသည့် မြောက်လွတ်ကုန်း ကျေးရွာ နှင့် မိသားစုများကလည်း နိုင်ငံတော် အစိုးရကိုနှင့် အလှူရှင်များ အားလုံးအား ပြောမပြတတ်အောင် ကျေးဇူးတင်ပါကြောင်း၊ မိမိတို့ပိုင်ဆိုင်သမျှ ရှိသမျှ အားလုံး ရေထဲပါကုန်သော်လည်း ထောက်ပံ့ ကူညီမှုများ၊ ပြန်လည်ထူထောင်ပေးမှုများ ရှိသဖြင့် ဝမ်းမြောက်မိကြောင်း ဖြေကြားခဲ့ကြသည်။ (Xinhua)