COVID – 19 ကာကွယ် ထိန်းချုပ် ကုသရေး လွှတ်တော် ကိုယ်စားလှယ်များ ကျရာ ကဏ္ဍမှ မလွဲမသွေ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည် ဟုဆို

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ) MYANMAR

နေပြည်တော်၊ မတ်လ ၂၅ ရက်(ဆင်ဟွာ)

COVID – 19 ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းတွင် မိမိတို့ ပြည်သူလူထုအပေါ် အဆိုပါ ရောဂါ၏ အကျိုးသက် ရောက်မှု အနည်းဆုံး ဖြစ်စေရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ကျရာ ကဏ္ဍမှ မလွဲမသွေ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရမည် ဟုပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က ယနေ့ လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ယခုအခါ မိမိတို့ နိုင်ငံဟာ ပြည်တွင်းပြည်ပ ပြသနာများစွာနဲ့ ရင်ဆိုင်နေရတဲ့ အချိန်အခါ သမယမှာ ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ COVID – 19 ကို ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါ အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ် ကြေညာထားတဲ့ ကာလနဲ့လည်း ကြုံတွေ့နေရပါတယ်။ မိမိတို့နိုင်ငံအနေနဲ့လည်း COVID – 19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းပြီး ရောဂါ ကာကွယ်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါတယ်။ မိမိတို့ ပြည်သူတွေ အပေါ် ဒီရောဂါရဲ့ အကျိုးသက် ရောက်မှု အနည်းဆုံး ဖြစ်စေရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များကလည်း ကျရာ ကဏ္ဍမှ မလွဲမသွေ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်”ဟု ဒုတိယ အကြိမ် ပြည်သူ့ လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်းအဝေး ပြီးဆုံးချိန်တွင် ၎င်းက ပြောကြားခဲ့သည်။

 (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ကာလအတွင်း အစည်းအဝေး ကျင်းပရက် ၁၃ ရက် ရှိခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း ၉၇ ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း ၇၅၇ ခု မေးမြန်း ဖြေကြား ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဝမ်းနည်းကြောင်း အဆို တစ်ခု အပါအဝင် အဆို ခြောက်ခု တင်သွင်းခဲ့ပြီး မှတ်တမ်းတင် အဆိုတစ်ခုနှင့် ဆက်လက် ဆွေးနွေးရန် ကျန် အဆို ငါးခုတို့ ဖြစ် ကြောင်း၊ ဆောင်ရွက်ခဲ့သည့်  ဥပဒေကြမ်း ၂၂ ခုရှိပြီး ခုနစ်ခုကို အတည်ပြုနိုင်ခဲ့ကာ ဆက်လက် ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၅ ခု ကျန်ရှိကြောင်း၊  သုတေသနဆိုင်ရာ ဆောင်ရွက်ချက်များ အနေ ဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ဦးချင်း စုံစမ်း မေးမြန်းမှု ၄၃ ခု ပြန်ကြားပေးခြင်း၊ သုတေ သန စာတမ်းတို ၁၂ စောင်ကို ဖြန့်ဝေနိုင်ခဲ့ကြောင်း၊ နိုင်ငံတော် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက်ဖို့ မိမိတို့အားလုံးက ဘက်စုံ ကဏ္ဍစုံမှာ စည်းလုံး ညီညွတ်စွာ ဆောင်ရွက်ကြဖို့ အဓိက ကျကြောင်း၊ နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မ သုံးဖြာ ဖြစ်တဲ့ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေ ပြုရေး အာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲပြီး အချင်းချင်း အပြန် အလှန် ထိန်းညှိ၍ ညီညွတ်မျှတစွာ ဆောင်ရွက်ရေးဟာ အရေးကြီးလှကြောင်း၊ ဥပဒေပြုရေး ကဏ္ဍ မှာလည်း ပြည်သူ့ အကျိုးစီးပွားကို အကျိုးပြုနိုင်သည့် ဥပဒေများ ရေးဆွဲ ပြဌာန်းရေးနှင့် ပြင်ဆင်သင့် ပြင်ဆင်ထိုက်သည့် ဥပဒေတွေကိုလည်း ခေတ်နဲ့ လျော်ညီအောင် ပြုပြင် ပြောင်းလဲသွား ကြရမှာ ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်၊ နိုင်ငံတော် တစ်ဝှမ်းလုံး၌ တည်သည် ဟူ၍ နိုင်ငံတော် အခြေခံ မူများမှာ ပြဌာန်းထားပြီး ဖြစ်ကြောင်း။

ပြည်သူ့ အသံနှင့် ပြည်သူ့ဆန္ဒ ထင်ဟပ်စေဖို့ ဆောင်ရွက်ကြရာမှာ တိုင်းရင်းသား ပြည်သူအားလုံး အေးအတူ ပူအမျှ ဥ မကွဲ သိုက်မပျက် စည်းလုံး ညီညွတ်စွာ နေထိုင်နိုင်ဖို့ စိတ်ရင်းစေတနာမှန်ဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်သွားကြဖို့ တိုက်တွန်းပါကြောင်း၊ ပြည်သူသာလျှင် အဓိက ဆိုသည့်အတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသော COVID – 19 နှင့် ပတ်သက်သော ရောဂါ ကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးပညာပေး အချက်အလက်များကို နိုင်ငံ တစ်ဝှမ်းလုံး လိုက်နာ ဆောင်ရွက်ကြဖို့ တိုက်တွန်းပါကြောင်းလည်း လွှတ်တော် ဥက္ကဌက ပြောကြား ခဲ့သည်။(Xinhua)