11
Tue, Dec
668 New Articles

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ အနောက်မြောက်ပိုင်း ဒေသ တွင် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွား လူအနည်းဆုံး ၄၀ ဦး သေဆုံး

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ Nord-Ubangi ပြည်နယ် တွင် စက်လှေတိမ်းမှောက်မှု ဖြစ်ပွား ခဲ့သည့် ဒေသ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps) Africa & Middle East

ဘရာဇဗီလီ ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) 

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ Nord-Ubangi ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က လတ်တလောရက်ပိုင်း အတွင်း Ubangi မြစ် ၌ စက်လှေ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရာ လူအနည်းဆုံး ၄၀ ဦး သေဆုံး ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန သို့ အောက်တိုဘာ ၁၁ ရက် က ပြောကြား ခဲ့သည်။

Nord-Ubangi ပြည်နယ် အစိုးရ အရာရှိ ၏ ပြောကြားချက်အရ ဗဟို အာဖရိက သမ္မတ နိုင်ငံ မှ ထွက်ခွာလာသည့် စက်လှေ တစ်စင်း က အောက်တိုဘာ ၆ ရက် နေ့တွင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ အနောက်မြောက်ပိုင်း ဒေသ ရှိ Ubangi မြစ် ၌ တိမ်းမှောက် ခဲ့ကြောင်း ၊ စက်လှေတိမ်းမှောက်မှုကြောင့် လူ အနည်းဆုံး ၄၀ ဦး သေဆုံးခဲ့ပြီး ၄င်းတို့အနက် ၁၈ ဦး မှာ ဗဟို အာဖရိက သမ္မတ နိုင်ငံသား များ ဖြစ်ကြောင်း ၊ စစ်ဆေးမှုများအရ စက်လှေ အိုဟောင်းခြင်း နှင့် ညပိုင်း မောင်းနှင်ခြင်း တို့က တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ရသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း ၊ စက်လှေတွင် လိုက်ပါခဲ့သူများ စာရင်းအား ပြုစုထားခြင်း မရှိသောကြောင့် သေဆုံးသူ ပိုမို မြင့်တက် လာနိုင်ကြောင်း သိရှိရသည်။

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တွင် မြစ်ချောင်းအင်းအိုင်များ လွန်စွာ ပေါများသဖြင့် ဒေသတွင်းရှိ ပြည်သူလူထု တို့က သွားလာရတွင် လှေအား အဓိက အသုံးပြုကြသည်။ စက်လှေများ အိုဟောင်းခြင်း နှင့် ဝန်ပိုတင်ဆောင်ခြင်း တို့ကြောင့် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တွင် စက်လှေ တိမ်းမှောက်မှု မကြာခဏ ဖြစ်ပွား လေ့ရှိသည်။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ အစိုးရ အနေဖြင့် စက်လှေတိမ်းမှောက်မှု မဖြစ်ပွားရန် အတွက် ယခုနှစ်စပိုင်း မှ စတင်၍ ညပိုင်း စက်လှေခုတ်မောင်းခြင်း အား ကန့်သတ် ခဲ့သော်လည်း တိမ်းမှောက်မှုများ ဆက်လက် ဖြစ်ပွား ခဲ့သည်။ ယခု နှစ် စက်တင်ဘာ ၁၇ ရက် တွင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ အနောက်မြောက်ပိုင်း ၌ ဖြစ်ပွား ခဲ့သည့် စက်လှေ တိမ်းမှောက်မှုကြောင့် လူပေါင်း အနည်းဆုံး ၂၇ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)