27
Mon, May
571 New Articles

မဟာမိတ်တပ်များ၏လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၆၂ ဦး သေဆုံးကြောင်း ဆီးရီးယားမီဒီယာများက ဆို

ဆီးရီးယားနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့်အဆောက်အအုံအား တွေ့ရစဉ် (ဆင်ဟွာ) Africa & Middle East

ဒမက်စကက်စ် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာမဟာမိတ်တပ်များက လွန်ခဲ့သော ၂၄ နာရီအတွင်း ဆီးရီးယား နိုင်ငံ အရှေ့ပိုင်းDeir ez-Zorပြည်နယ်ကို  လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ အနည်းဆုံး ၆၂ ဦး သေဆုံးပြီး လူပေါင်းဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား မီဒီယာများက ဆိုသည်။

မဟာမိတ်တိုက်လေယာဉ်များက လွန်ခဲ့သော ၂၄ နာရီအတွင်း Deir ez-Zorပြည်နယ် Albu Kamalမြို့ အရှေ့ပိုင်း လူနေရပ်ကွက်တစ်ခုအား လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အမျိုးသမီးများနှင့် ကလေး သူငယ်များအပါအ၀င် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ၊ ၄င်းဒေသရှိ ဗလီကျောင်းတစ်ကျောင်း ကို တိုက်ခိုက်ခဲ့ရာ အရပ်သား ၃၇ ဦးသေဆုံးပြီး လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

ထို့အပြင် Albu Kamalမြို့ရှိ အခြား ဗလီကျောင်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ  အနည်းဆုံး အရပ်သား ၁၀ ဦးသေဆုံးပြီး လူ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ဒဏ်ရာရသူအများစုမှာ ဒဏ်ရာပြင်းထန်ကြောင်း ၊ လူများစွာမှာ  တိုက်အပြိုအပျက်များတွင် ပိတ်မိ နေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် အခက်တွေ့စေကြောင်း ၊ သေဆုံးသူဦးရေ တိုးလာ နိုင်ဖွယ် ရှိကြောင်း သိရသည်။ 

၂၀၁၄ ခုနှစ် သြဂုတ်လမှစ၍ အမေရိကန်သည် အီရတ်နယ်နိမိတ်ရှိ IS အစွန်းရောက်များကို ပစ်မှတ် ထား၍လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ၊ ယင်းနှစ် စက်တင်ဘာလတွင်ပင် အမေရိကန် သည် ISတိုက်ဖျက်ရေး နိုင်ငံတကာမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများကို ဆီးရီးယား နယ်နိမိတ်အထိ တိုးချဲ့လုပ်ဆောင်ခဲကြောင်း သိရသည်။ ဆီးရီးယာအစိုးရက အမေရိကန် ဦးဆောင် သည့် နိုင်ငံတကာမဟာမိတ်တပ်၏လေကြောင်းတိုက်ခိုက်မှု များကြောင့် အရပ်သားပြည်သူ အမြောက် အမြား အသက်ဆုံးရှုံးရကြောင်း ပြစ်တင်ရှုတ်ချထား သည်။  (Xinhua)