ဗီယက်နမ်အလှမယ်သူရဖူကို တိုင်းရင်းသူ တစ်ဦးဆွတ်ခူးရရှိ

Miss Vietnam’s 2018 ဆုရှင် ဗီယက်နမ်အလှမယ် H’Hen Nie (ယာ) အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) Asia

ဟနွိုင်း ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

ဇန်နဝါရီလ ၆ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့သော ၂ဝ၁၇ ခုနှစ် ဗီယက်နမ်အလှမယ် (Miss Universe Vietnam 2017) ရွေးပွဲတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Dak Lak ပြည်နယ်မှ အသက် ၂၅ နှစ်အရွယ် Ede လူမျိုး တိုင်းရင်းသူတစ်ဦးက သရဖူဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အညိုရောင် အသားအရေပိုင်ရှင် H’ Hen Nie သည် အခြား ပြိုင်ဖက် အလှမယ် ၄၁ ဦးကို ကျော်ဖြတ်၍ သရဖူဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး ဆုကြေးအဖြစ် ဗီယက်နမ်ငွေ ဒေါင် ၂ဝဝ သန်း ( အမေရိကန်ဒေါ်လာ ၈,၈ဝဝ ) ရရှိခဲ့ကြောင်း ၊ သရဖူတန်ဖိုးမှာ ဗီယက်နမ် ဒေါင် ၂.၇   ဘီလီယံ( အမေရိကန်ဒေါ်လာ ၁၁၉,၀၀၀ ) ရှိကြောင်း နှင့် ၄င်းသည် မယ်စကြဝဠာ ( Miss Universe 2018 ) ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲစင်မြင့်ထက်တွင် ဗီယက်နမ်ရိုးရာဝတ်စုံ ao dai ၊ ရေကူးဝတ်စုံ နှင့် ညနေခင်းဂါဝန်ဝတ်စုံ တို့ ဖြင့် အလှပြခဲ့ပြီးနောက် Nie သည် ဒိုင်လူကြီးများ၏ လူမှုကွန်ရက်အသုံးပြုခြင်း နှင့် လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း ဆိုင်ရာ မေးခွန်း နှစ်ခုကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သည်။  အရပ်အမြင့် ၁.၇၂ မီတာရှိသော  အလှမယ် Nie သည် လက်ရှိတွင် ဟိုချီမင်းမြို့ ၌ မော်ဒယ်လ်တစ်ဦးအဖြစ် လုပ်ကိုင်လျက်ရှိသည်။

၂ဝ၁၇ ခုနှစ် ဗီယက်နမ်အလှမယ်ရွေးပွဲတွင် First Runner-up ဆုကို ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Thanh Hoa ပြည်နယ်မှ  အသက် ၂၅ နှစ်အရွယ် မော်ဒယ်လ် Hoang Thuy က လည်းကောင်း ၊ Second Runner-up ဆုကို ဟိုချီမင်းမြို့ တော်မှ အသက် ၂၅ နှစ်အရွယ် မော်ဒယ်လ် Mau Thi Thanh Thuy ကလည်းကောင်း အသီးသီးဆွတ်ခူးခဲ့ကြောင်း သိရသည်။(Xinhua)