25
Mon, Jun
776 New Articles

ဗီယက်နမ်နိုင်ငံ၌ ရထား နှင့် ထရပ်ကားတိုက်မှု ဖြစ်ပွားရာလူ ၂ ဦးသေဆုံးပြီး ၁ဝ ဦးကျော် ဒဏ်ရာရ

ဗီယက်နမ်နိုင်ငံ၌ ရထား နှင့် ကားတိုက်မိသောမြင်ကွင်းတစ်ခုအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) Asia

ဟနွိုင်း ၊ မေ ၂၄ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Thanh Hoa ပြည်နယ်တွင် ရထားတစ်စင်းက ကျောက်ခဲများတင်ဆောင်လာသော ထရပ်ကားတစ်စီး နှင့်တိုက်မိမှုဖြစ်ပွားရာ ရထားမောင်းသူနှစ်ဦးသေဆုံးပြီး ခရီးသည် ၁ဝ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် ၄င်းရထားသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း မှ တောင်ပိုင်း သို့ ပြေးဆွဲနေသော ရထားတစ်စင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်တွင် ရထားပေါ်တွင် ခရီးသည် ၄ဝဝ ဦးလိုက်ပါလာကြောင်း ၊ ၄င်းရထားသည် ဟနွိုင်းမြို့ မှ နိုင်ငံအလယ်ပိုင်း ဒါနန်မြို့ (Da Nang) သို့ ဦးတည်မောင်းနှင်လာခြင်းဖြစ်ကြောင်း ၊ ခရီးသည်တင်အတွဲ ၄ တွဲ အပါအဝင် အတွဲပေါင်း ၆ တွဲ ပါသည့် ရထားတစ်စင်းဖြစ်ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ က ဆိုသည်။

အသက် ၄၂ နှစ်အရွယ် ရထားမောင်းသူ နှင့် ၄င်း၏ လက်ထောက်တစ်ဦးတို့ သည့် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ 

ဒေသခံအချို့ ကပြောကြားရာတွင် ရထားသံလမ်းစောင့် အမှုထမ်းနှစ်ဦးသည် ရထားလာချိန်တွင် လမ်းဖြတ်ကူးအတားအဆီးမောင်းတံကို ချထားရန် ပျက်ကွက်ခဲ့သဖြင့် ထရပ်ကားမှာ ရထားလမ်းပေါ် ဖြတ်ကျော်ဝင်ရောက်စဉ် ယင်းတို့ မတော်တဆမှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

ဗီယက်နမ်နိုင်ငံတွင် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ယာဉ်တိုက်မှုပေါင်း ၆ဝ၂ဝ မှုဖြစ်ပွားခဲ့ကြောင်း ၊ ယာဉ်တိုက်မှုများကြောင့် လူပေါင်း ၂၇၈၈ ဦးသေဆုံးပြီး ၁၅၇၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် အသေးစားဒဏ်ရာရသူပေါင်း ၃ဝ၆ဝ ဦးရှိခဲ့ကြောင်း နိုင်ငံ၏ ယာဉ်ထိန်းရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။(Xinhua)