25
Thu, Apr
605 New Articles

ထိုင်းနိုင်ငံတောင်ပိုင်း၌ အနည်းဆုံး သံဃာတော်နှစ်ပါး ပျံလွန်တော်မူခဲ့ရသည့် တိုက်ခိုက်မှုအပေါ် ဝန်ကြီးချုပ်ပြစ်တင်ရှုတ်ချ

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) Asia

ဘန်ကောက် ၊ ဇန်နဝါရီ ၂ဝ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha)က ဇန်ဝါရီ ၁၈ ရက်တွင် ဖြစ်ပွားခဲ့သော အနည်းဆုံး သံဃာတော်နှစ်ပါး ပျံလွန်တော်မူခဲ့ရသည့် ထိုင်းနိုင်ငံတောင်ပိုင်း နာရတ်သီဝတ်(Narathiwat) ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုအပေါ် ဇန်နဝါရီ ၁၉ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ်သွားရန် အမိန့် ပေးခဲ့ကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ်က အချင်းဖြစ်ကိစ္စရပ်အား အမြန်ဆုံး စုံစမ်းစစ်ဆေးမှုပြုလုပ်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်ခဲ့ပြီး ၄င်းပြည်နယ်အတွင်း လုံခြုံရေး တိုးမြှင့်ဆောင်ရွက်သွားရန်လည်း မှာကြားခဲ့သည်။ ထို့ ပြင် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးအတွက် အစိုးရ၏ ကတိကဝတ်အပေါ် ပြည်သူများအနေဖြင့် အပြည့်အဝ ယုံကြည်ထားကြရန် ပရာယွတ်က တိုက်တွန်းပြောကြားခဲ့ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ပွတ်တီပွန်ဘန်နာခွန်း(Puttipong Bunnakun) ကဆိုသည်။

အနက်ရောင်ဝတ်စုံများဝတ်ဆင်ပြီး မျက်နှာဖုံးစွပ်ထားသော စစ်သွေးကြွ ၁ဝ ဦးကျော်သည် ဘုန်းကြီးကျောင်းအတွင်းသို့  ဇန်နဝါရီ ၁၈ ရက်က ဝင်ရောက်လာခဲ့ကြောင်း ၊ ယင်းနောက် စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း နှင့် ကျောင်းထိုင်ဆရာတော်နှင့် အခြားသံဃာတစ်ပါး သေနတ်ထိမှန် ပျံလွန်တော်မူခဲ့ရကြောင်း သိရသည်။

အခြား သံဃာနှစ်ပါးမှာလည်း အပြင်းအထန်ဒဏ်ရာရသွားကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဆေးရုံသို့ ချက်ချင်းပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။ သေနတ်သမားများသည် ဘုန်းကြီးကျောင်းအတွင်း၌ ရမ်းသန်း၍ ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။(Xinhua)