25
Thu, Apr
605 New Articles

အသင်းရလဒ် မကောင်းသည့်အတွက် အင်ဒိုနီးရှားဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်

ရာထူးမှ နုတ်ထွက်သွားသော အင်ဒိုနီးရှားနိုင်ငံဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌ အက်ဒီရာမယတ်ဒီ အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) Asia

ဂျကာတာ ၊ ဇန်နဝါရီ ၂ဝ ရက်(ဆင်ဟွာ)

မကြာသေးခင်က ယှဉ်ပြိုင်ကစားခဲ့သော နိုင်ငံတကာဘောလုံးပွဲစဉ်များတွင် အင်ဒိုနီးရှားအသင်း ရလဒ်များမကောင်းခဲ့သည့်အတွက် အင်ဒိုနီးရှားနိုင်ငံဘောလုံးအဖွဲ့ ချုပ်(PSSI) ဥက္ကဋ္ဌ အက်ဒီရာမယတ်ဒီ (Eddy Rahmayadi) သည် ယနေ့ ဇန်နဝါရီ ၂ဝ ရက်တွင် ဘာလီမြို့ ၌ ကျင်းပသည့် ဘောလုံးအဖွဲ့ ချုပ်ညီလာခံတွင် ၄င်းအနေဖြင့် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

ဘာလီဟိုတယ်၌ ပြုလုပ်သည့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ ချုပ် နှစ်ပတ်လည် ညီလာခံ၌ အဖွင့်မိန့် ခွန်းပြောကြားစဉ် အက်ဒီက ၄င်းအနေဖြင့် ရာထူးမှ နုတ်ထွက်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ အင်ဒိုနီးရှားနိုင်ငံဘောလုံးအဖွဲ့ ချုပ်အနေနဲ့ အောင်မြင်မှုတွေ မရရှိခဲ့တဲ့အတွက် အဖွဲ့ ချုပ်ဥက္ကဋ္ဌရာထူးကနေ ဒီနေ့ ပဲ ကျွန်တော်နုတ်ထွက်ပါတယ်” ဟု အက်ဒီက ဆိုသည်။ ၄င်းသည် လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်း ဆူမတြားပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားသူ တစ်ဦးလည်း ဖြစ်သည်။

ယခုကဲ့သို့ ဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ရခြင်းမှာ ၄င်းအနေဖြင့် နိုင်ငံလက်ရွေးစင်အသင်းကို အောင်မြင်မှုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိသည့်အတွက် ဖြစ်ကြောင်း အက်ဒီ ကဆိုသည်။

အက်ဒီ နုတ်ထွက်သွားပြီးနောက် အင်ဒိုနီးရှားနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ရာထူးကို လက်ရှိ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဂျိုကိုဒရီယာနို(Joko Driyono) က ဆက်လက် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

“ ကမ္ဘာ့ ဘောလုံးအဖွဲ့ ချုပ်(FIFA) ရဲ့ လုပ်ထုံးလုပ်နည်းအရ ကျွန်တော်နုတ်ထွက်သွားရင် ဒုတိယဥက္ကဋ္ဌ က ဥက္ကဋ္ဌအဖြစ် တာဝန်ယူရမှာပါ” ဟု အက်ဒီက ရှင်းပြသည်။

စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ အက်ဒီသည် ၂ဝ၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူမတြားပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ ဖြစ်သည်။

၎င်းသည် အင်ဒိုနီးရှားနိုင်ငံဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌအဖြစ် ၂ဝ၁၆ ခုနှစ်တွင် ရွေးချယ်ခံရပြီး ဥက္ကဋ္ဌသက်တမ်းမှာ ၂ဝ၂ဝ ပြည့်နှစ်အထိ ဖြစ်သည်။

အင်ဒိုနီးရှားဘောလုံးအသင်းသည် ၂ဝ၁၈ ခုနှစ် အရှေ့ တောင်အာရှဘောလုံးပြိုင်ပွဲ(AFF)တွင် အောင်မြင်မှုများ မရရှိခဲ့ခြင်းကြောင့် အက်ဒီအနေဖြင့် ယခုကဲ့သို့ ရာထူးမှ နုတ်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)