25
Thu, Apr
605 New Articles

အိန္ဒိယနိုင်ငံတွင် အရက်တုကြောင့် သေဆုံးသူ ၉၀ နီးပါးရှိ

ဖမ်းဆီးရမိသည့် အရက်တုများအား တွေ့ရစဉ် (ဓာတ်ပုံ -အင်တာနက်) Asia

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်နှင့် Uttarakhandပြည်နယ်တို့တွင် ယခုရက်ပိုင်းများအတွင်းအ ရက်တုကြောင့် သေဆုံးသူ ၉၀ နီးပါးရှိပြီဖြစ်ကြောင်း အိန္ဒိယ သတင်းမီဒီယာများ၏ ဖေဖော်ဝါရီ ၉ ရက် သတင်းများအရ သိရသည်။ 

Uttar Pradeshပြည်နယ် Saharanpur ဒေသနှင့် Uttarakhand ပြည်နယ် Roorkeeဒေသတို့တွင် သေဆုံးသူ ၄၆ ဦးနှင့် ၂၀ ဦး အသီးသီးရှိကြောင်း၊ ၄င်းပြည်နယ်၂ ခု ရှိ အခြားဒေသများတွင် သေဆုံးသူ ၂၀ ဦး ခန့်ရှိကြောင်း India Today၏ သတင်းများအရ သိရသည်။ အဆိုပါသေဆုံးသူဦးရေကို အိန္ဒိယနိုင်ငံ၏သက်ဆိုင်ရာဌာနများက အတည်ပြုထားခြင်း မရှိသေး ကြောင်း သိရသည်။

သေဆုံးသူများ၏ မိသားစုဝင်များကို ရူပီ ၂ သိန်း နှစ်သိမ့်ကြေးပေးမည်ဖြစ်ကြောင်း Uttar Pradeshပြည်နယ်နှင့် Uttarakhandပြည်နယ် ၀န်ကြီးက လူမှုမီဒီယာမှ တစ်ဆင့် ပြောကြားထားသည်ဟု သိရသည်။ 

အချင်းကိစ္စဖြစ်ပွားပြီးနောက် ၄င်းဒေသရှိသက်ဆိုင်ရာဌာနများက အရက်တုထုတ်လုပ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ တင်းတင်းကြပ်ကြပ်လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် အမှုနှင့်သက်ဆိုင်သည် ဟု သံသယရှိသူ အနည်းဆုံး အယောက် ၃၀ ၊ အရက်တု လီတာ  ၄၀၀ ကျော် ဖမ်းဆီးရမိထား ကြောင်း၊  ဒါဇင်နှင့်ချီသည့် ဒေသခံအစိုးရအရာရှိနှင့်ရဲတပ်ဖွဲ့ဝင်များကို တာဝန်မှရပ်ဆိုင်းကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

အိန္ဒိယ နိုင်ငံ ကျေးလက်ဒေသများတွင် အချို့မသမာသည့်စီးပွားရေးသမားကြောင့် မကြာခဏ လူအများ အစုလိုက်အပြုံလိုက် အရက်တု အဆိပ်သင့်မှု ဖြစ်ပွား လေ့ရှိသည်။  ယင်းအရက်တုများက စက်ရုံသုံး အရက်ပြန်များ ရောနှောထားသဖြင့် သေဆုံးသည်အထိ အဆိပ်သင့်နိုင်ရာ  အိန္ဒိယနိုင်ငံ အစိုးရ က အရက်တု ရောင်းချမှုအား တားဆီးရန် အမိန့်ကြေညာချက်များ ထုတ်ပြန်လေ့ရှိသော်လည်း ထိန်းချုပ်မှု အားနည်းသောကြောင့် အလားတူ ကိစ္စရပ်များ မကြာခဏ ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။(Xinhua)