မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံ ခေါင်းဆောင်များ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးအတွက် ဟနွိုင်းမြို့တွင် တွေ့ဆုံ

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်(ဝဲ)နှင့်အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်တို့ စင်ကာပူနိုင်ငံ၌ ပထမအကြိမ် တွေ့ဆုံစဉ် (ဆင်ဟွာ) Asia

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် ငြိမ်းချမ်းရေး ဖန်တီးရန်နည်းလမ်းများနှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆွေးနွေးရန် ဒုတိယအကြိမ်မြောက် ထိပ်သီးတွေ့ဆုံပွဲအဖြစ် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် ဖေဖော်ဝါရီ ၂၇ ရက် ညပိုင်း၌ တွေ့ဆုံခဲ့ကြသည်။

ကင်နှင့် ထရမ့်တို့သည် နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးဖွင့်လှစ်သည့်အနေဖြင့် ဟနွိုင်းမြို့ရှိ Sofitel egend Metropole ဟိုတယ်တွင် ညစာစားပွဲ၌တွေ့ဆုံပြီး အပြုံးချင်းဖလှယ်ကာ လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။

နှစ်နိုင်ငံ အလံများထောင်ထားသည်ကို နောက်ခံထားကာ ခေါင်းဆောင်နှစ်ဦးက လက်ဆွဲနှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ “ဟနွိုင်း ထိပ်သီးအစည်းအဝေး” ဟူသော စာတန်းအား ကိုရီးယားနှင့် အင်္ဂလိပ် ဘာသာစကားများဖြင့် ရေးသားကာ အလံများ၏ အပေါ်တွင် ချိတ်ဆွဲထားသည်။

ယခု ထိပ်သီးအစည်းအဝေးသည် ပြီးခဲ့သည့်နှစ် စင်ကာပူနိုင်ငံတွင် ပထမအကြိမ် ကင်-ထရမ့် ထိပ်သီးအစည်းအဝေးပြီးနောက် ၈ လခန့်အကြာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)