အင်ဒိုနီးရှားရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဝီဒိုဒို မဲရလဒ် ၅၅.၅ ရာခိုင်နှုန်းဖြင့် ပြန်လည် အနိုင်ရ

ပြန်လည်ရွေးကောက်ခံရသော အင်ဒိုနီးရှားနိုင်ငံသမ္မတဂျိုကိုဝီဒိုဒို( ရှေ့ တန်း-အလယ်လူ) အားတွေ့ ရစဉ်(ဆင်ဟွာ) Asia

ဂျကာတာ ၊ မေ ၂၁ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၏ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုသည် သမ္မတရွေးကောက်ပွဲတွင် ၎င်း၏ အနီးကပ်ပြိုင်ဘက် ယခင်ကြည်းတပ်ဗိုလ်ချုပ်ကြီး ပါရာဗိုဝို ဆပ်ဗီယံတို(Prabowo Subianto) ၏ မဲရလဒ် ၄၄.၅ ရာခိုင်နှုန်းအပေါ် မဲရလဒ် ၅၅.၅ ရာခိုင်နှုန်းဖြင့် အနိုင်ရပြီး ပြန်လည်ရွေးချယ်ခံရကြောင်း အင်ဒိုနီးရှားနိုင်ငံအထွေထွေရွေးကောက်ပွဲကော်မရှင်(KPU) က မေ ၂၁ ရက်တွင် ကြေညာခဲ့သည်။

နိုင်ငံတွင်း ပြည်နယ် ၃၄ ခု နှင့် နိုင်ငံရပ်ခြားရှိ မြို့ပေါင်း ၁၃ဝ မှ မဲရုံများ၏ မဲရလဒ်များကို အပြီးသတ်ရေတွက်ပြီးနောက် ရွေးကောက်ပွဲကော်မရှင်(KPU) က ဒေသစံတော်ချိန် နံနက် ၁ နာရီ ၄၆ မိနစ်တွင် ဂျိုကိုဝီဒိုဒို အနိုင်ရကြောင်း အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

“ ၂ဝ၁၉ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတ နဲ့ဒုတိယသမ္မတ ၊ ဗဟိုလွှတ်တော်အမတ်တွေ ၊ ဒေသဆိုင်ရာ လွှတ်တော်အမတ်တွေ ၊ ပြည်နယ်လွှတ်တော်အမတ်တွေ နဲ့စည်ပင်ကိုယ်စားလှယ်တွေရဲ့ မဲရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က အပြီးသတ်ထုတ်ပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်” ဟု KPU ဥက္ကဋ္ဌ Arief Budiman ကဆိုသည်။

ဂျိုကိုဝီဒိုဒိုသည် မဲဆန္ဒရှင် ၈၅.၆ သန်း၏ ထောက်ခံမဲကို ရရှိခဲ့ပြီး ယင်းမှာ ၎င်းအတွက် ၂ဝ၂၄ ခုနှစ်အထိ သမ္မတထမ်းဆောင်ခွင့်ရရှိစေမည်ဖြစ်ကာ Ma’ruf Amin သည် ဒုတိယသမ္မတအဖြစ် ၎င်းနှင့်အတူ တာဝန်ထမ်းဆောင်ခွင့်ရရှိစေမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လူငယ်စီးပွားရေးသမား Sandiaga Uno နှင့်လည်းပြိုင်ခဲ့ရသော ဗိုလ်ချုပ်ကြီးဟောင်း ပါရာဗိုဝိုက ထောက်ခံမဲ ၆၈.၆ သန်း ရရှိခဲ့ကြောင်း KPU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သော ၂ဝ၁၄ ခုနှစ်သမ္မတရွေးကောက်ပွဲတွင် ဝီဒိုဒိုသည် ထောက်ခံမဲ ၅၃.၁၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး ထိုစဉ်က ဗိုလ်ချုပ်ကြီးပါရာဗိုဝိုသည် ၄၆.၈၅ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်၏ ရလဒ်ထုတ်ပြန်ချက်အပေါ် အင်ဒိုနီးရှားနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး(MK) ထံ တရားစွဲဆိုမှုတစ်ခု တင်သွင်းထားလင့်ကစား ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မေ ၂၄ ရက်တွင် ဂျိုကိုဝီဒိုဒိုအား သမ္မတ နှင့် Ma’ruf Amin အား ဒုတိယသမ္မတအဖြစ် တရားဝင်ထုတ်ပြန်ကြေညာသွားရန်ရှိနေသည်။

“ တရားစွဲဆိုမှုကို သုံးရက်အတွင်း ခွင့်ပြုထားတယ်။ အဲဒီတရားစွဲမှုကို လက်ခံမလား လက်မခံဘူးလားဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ကျွန်တော်တို့မေးမြန်းသွားမှာပါ။ အဲဒီတရားစွဲမှုနှင့်ဆက်စပ်ပြီး လုပ်မလုပ် MK ဆီက အတည်ပြုချက်ရပြီးရင်တော့ သမ္မတ နဲ့ဒုသမ္မတ ကို ထုတ်ပြန်ကြေညာသွားမယ်” ဟု KPU ရွေးကောက်ပွဲကော်မရှင်နာမင်းကြီး Hasyim Asyari က မဲရလဒ်ထုတ်ပြန်ကြေညာသည့် အခမ်းအနားတွင် အထက်ပါကိစ္စကို ထုတ်ဖော်ပြောကြားခဲ့သည်။

ပါရာဗိုဝိုသည် ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်(KPU) ၏ တရားဝင် မှတ်တမ်းတွင် လက်မှတ်ရေးထိုးရန် ငြင်းဆန်နေသည်။ ၎င်းက သမ္မတရွေးကောက်ပွဲတွင် မဲမသမာမှုများ ပြုလုပ်ခဲ့သည့် ပြည်နယ် ငါး ခုတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တောင်းဆိုထားသည်။

လွှတ်တော်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ (PDI-P) ပါတီသည် စုစုပေါင်း နိုင်ငံရေးပါတီ ၁၆ ခုအနက် မဲရလဒ် ၁၉ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ခဲ့သည်။ ယင်းနောက်တွင် အတိုက်အခံ Gerindra ပါတီက ၁၂.၅၇ ရာခိုင်နှုန်း နှင့် Golkar ပါတီက ၁၂.၃၁ ရာခိုင်နှုန်းအသီးသီးရပ်တည်နေကြောင်း သိရသည်။(Xinhua)