17
Sun, Nov
493 New Articles

အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲရလဒ်ကြေညာပြီးနောက် တိုက်ခိုက်မှုဖြစ်ပွားရာတွင် လူ ၆ ဦး သေဆုံးကြောင်း ဂျကာတာ အုပ်ချုပ်ရေးမှူးပြော

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ရွေးကောက်ပွဲရလဒ်ကြေညာပြီးနောက် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား တိုက်ခိုက်မှုဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ) Asia

ဂျကာတာ၊ မေ ၂၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား သန်းခေါင်ချိန်မှ နံနက်ပိုင်းအထိ အချိန် ၅ နာရီဝန်းကျင်ကြာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး အခြားလူ ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဂျကာတာ အုပ်ချုပ်ရေးမှူး အန်နီးစ် ဘတ်စ်ဝီဒန် (Anies Baswedan) က မေလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

“မေလ ၂၂ ရက် နံနက် ၉း၀၀ နာရီအထိ ဒဏ်ရာရသူ ၂၀၀ ခန့်ရှိပြီး ၆ ဦးသေဆုံးခဲ့တယ်” ဟု ဂျကာတာမြို့လယ်ရှိ တာရာကန်ဆေးရုံတွင် ဂျကာတာအုပ်ချုပ်ရေးမှူးက ပြောခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများမှာ ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့ (Bawaslu) အနီး ဂျကာတာမြို့လယ်ရှိ နေရာများစွာ၌ သမ္မတ ရွေးကောက်ပွဲ ရလဒ်များအား ငြင်းပယ်သူ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က သမ္မတ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော သမ္မတလောင်း ပရာဘိုဝို စူဘီယံတို (Prabowo Subianto) အားထောက်ခံသူ ဆန္ဒပြသူအုပ်စုများအား လူစုခွဲရန် မျက်ရည်ယိုဗုံး ပစ်ဖောက်ခဲ့သည်။ တိုက်ခိုက်မှုများအတွင်း ဆန္ဒပြသူ ၂၀ ခန့်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်းများက ဆိုသည်။

လူမှုမီဒီယာပေါ်တွင် လွတ်လပ်စွာ ပျံ့နှံ့လျက်ရှိသော တိုက်ခိုက်မှုနှင့် ပတ်သက်သောဆက်စပ်မှုအား ယုံကြည်ခြင်းမှ ရှောင်ရှားကြရန် ပြည်သူများအား ဂျကာတာ ရဲဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် အာဂို ယူဝူနို (Argo Yuwono) က ပြောခဲ့သည်။

တိုက်ခိုက်မှုတွင် ပါဝင်သည့် ဆန္ဒပြသူများမှာ ဂျကာတာမြို့တွင် နေထိုင်သူများမဟုတ်ကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရသည်။ (Xinhua)