16
Mon, Sep
496 New Articles

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းတွင် သင်္ဘောမီးလောင်မှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသူများအား ဆက်လက် ရှာဖွေလျက်ရှိ

ပင်လယ်ပြင် အတွင်း မီးလောင်မှု ဖြစ်ပွားသော သင်္ဘော တစ်စီးအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်) Asia

ဂျကာတာ ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်း ၊ ဆူလာဝေစီ(Sulawesi) ပြည်နယ် အရှေ့ တောင်ဘက်ရှိ ကမ်းလွန်ပင်လယ်ပြင်တွင် သြဂုတ် ၁၇ ရက် နံနက် အစောပိုင်းက ဖြစ်ပွားခဲ့သည့် ခရီးသည်တင် သင်္ဘော  မီးလောင်မှု အတွင်း ပျောက်ဆုံး နေသူများအား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ယနေ့ (သြဂုတ် ၁၈ ရက်)တွင် ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ပြည်နယ် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးရုံး၏ အကြီးအကဲ Junaidi Satta က ပြောကြားခဲ့သည်။

အဆိုပါ ခရီးသည်တင် သင်္ဘော သည် သြဂုတ် ၁၇ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ သင်္ဘောပေါ်မှ လူ ၆၁ ဦးကို ကယ်ဆယ် နိုင်ခဲ့ပြီး ကလေးငယ် နှစ်ဦး အပါအ၀င် လူ ခုနှစ်ဦး သေဆုံးခဲ့ကြောင်း နှင့် အခြား ၄ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် Konawe ခရိုင်ရှိ Bokori ကျွန်း ကမ်းလွန်ပင်လယ်ပြင်တွင် စစ်တပ် ၊ ရဲတပ်ဖွဲ့ ၊ ရှာဖွေ ကယ်ဆယ်ရေးရုံးမှ ကယ်ဆယ်ရေး သမားများ အပါအ၀င် စုစုပေါင်း လူ ၇၃ ဦးဖြင့် ပူးပေါင်း ရှာဖွေခြင်းများ ပြုလုပ်လျက် ရှိကြောင်း Junaidi က ပြောကြားခဲ့သည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား အခင်း ဖြစ်ပွားရာ နေရာမှ ၆ မိုင်ပတ်လည် အတွင်း အဓိကထား ဆောင်ရွက် နေပြီး ယင်းလုပ်ငန်းများအတွက် အထောက်အကူပြုရန် သင်္ဘောများနှင့် အသက်ကယ်လှေများက ဖြန့် ကျက်ထားကြောင်း ၊ ယခုအခါတွင် ရာသီဥတု အခြေအနေမှာလည်း ကောင်းမွန်လျက် ရှိကြောင်း ၄င်းက ဆင်ဟွာသို့ ဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူများ၏ သဲလွန်စများ ရှာဖွေတွေ့ ရှိပါက ရေအောက်သို့ ငုပ်ကာ ရှာဖွေရန် ရေငုပ်သမားများက ပြင်ဆင်နေကြပြီး ယခုအခါတွင် ရေငုပ်သမားများသည် အသင့်အနေအထား ရှိနေကြောင်း ၄င်းက ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောသည် နိုင်ငံ အလယ်ပိုင်း ဆူလာဝေစီ(Sulawesi) ပြည်နယ် အနီး ၊ Marowali ခရိုင်၏ Kaleroang ဒေသရှိ ဆိပ်ကမ်း တစ်ခုသို့ ထွက်ခွာသွားခဲ့စဉ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။(Xinhua)